Friday, January 2, 2015

မြန်မာယူ-၂၀ အသင်း တူရကီနိုင်ငံသို့ သွားရောက်လေ့ကျင့်မည်

၂၀၁၅ ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် မြန်မာ့လက်ရွေးစင်ယူ-၂၀ အသင်းသည် တူရကီနိုင်ငံ၌ နှစ်ပတ်ခန့် သွားရောက် လေ့ကျင့်မည် ဖြစ်ပြီး ခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မြန်မာယူ-၂၀ အသင်းအနေနဲ့ ၂၀၁၅ ဇန်န၀ါရီလလယ်လောက်မှာ တူရကီနိုင်ငံကို သွားရောက် လေ့ကျင့်မှာဖြစ်ပြီး ထိပ်တန်း ကလပ်အသင်းတွေနဲ့လည်း ခြေစမ်းပွဲ ငါးပွဲလောက် ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပါတယ်’’ ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန် ရှိသူက ပြောသည်။
၂၀၁၄ အောက်တိုဘာအတွင်း မြန်မာနိုင်ငံက အိမ်ရှင်ပြုလုပ်ခဲ့သည့် အာရှယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်းသည် အကြိုဗိုလ်လု ပွဲအဆင့် တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၅ မေလအတွင်း နယူးဇီလန်နိုင်ငံက လက်ခံကျင်းပမည့် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားသည်။
ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအတွက် ရည်ရွယ်၍ မြန်မာယူ-၂၀ အသင်းကို ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်ကာ ပဏာမ ကစားသမား ၂၄ ဦး ဖြင့် ပြန်လည် စခန်းသွင်းခဲ့ပြီး ပြည်တွင်းမြန်မာလိဂ်ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ဆက်တိုက် ယှဉ်ပြိုင်ကစားလျက်ရှိသည်။
မြန်မာယူ-၂၀ အသင်းသည် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအကြိုအဖြစ် ဇန်န၀ါရီအတွင်း ကျင်းပမည့် အင်ဒိုနီးရှား ဖိတ်ခေါ် မာရာဟာလင်ဖလား ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ယင်းပြိုင်ပွဲမှာ ပျက်ပြယ် သွားသည်။
ထို့ကြောင့် တူရကီလေ့ကျင့်ရေးခရီးစဉ်သည် ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာအသင်း၏ ပထမဆုံး ပြည်ပ လေ့ကျင့်ရေး ခရီးစဉ်ဖြစ်လာမည် ဖြစ်သည်။
ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င် ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီးနောက် မြန်မာယူ-၂၀ ဘောလုံးအသင်းသည် နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ ဖိတ်ခေါ် ကမ်းလှမ်းမှုအချို့ ရရှိထားပြီး ၀င်ရောက်ယှဉ်ပြိုင်ရန် သေချာပါက သတင်းထုတ်ပြန် ပေးမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူက ဆိုသည်။

No comments:

Post a Comment

back to top