Monday, May 12, 2014

ယခုဘဏ္ဍာရေး နှစ်အတွင်း ဧရာဝတီဘဏ်က ဘဏ်ခွဲပေါင်း ၃ဝ ကျော် ထပ်မံဖွင့်လှစ်၍ အလုပ်အကိုင် နေရာများ ဖန်တီးပေးမည်

မြန်မာနိုင်ငံရှိ ပြည်တွင်း ပုဂ္ဂလိက ဘဏ်များထဲတွင် အရှိန်အဟုန်ရရှိကာ ဘဏ်လုပ်ငန်းများနှင့် စီးပွားရေး လုပ်ငန်းများကို တိုးတက် ဆောင်ရွက်လာနိုင်သော ဧရာဝတီဘဏ်သည် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် အတွင်း ဘဏ်ခွဲပေါင်း ၃ဝ ကျော် ထပ်မံတိုးချဲ့ ဖွင့်လှစ်ကာ လူငယ်လူရွယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ဧရာဝတီဘဏ် အနေဖြင့် ဘဏ်ခွဲပေါင်း ၇ဝ နီးပါး ဖွင့်လှစ်ထားပြီ ဖြစ်ရာ ယခု ဘဏ္ဍာရေး နှစ်အတွင်း စုစုပေါင်း ဘဏ်ခွဲ အရေအတွက် ၁ဝဝ အထိ ဖြစ်လာစေရန် ရည်ရွယ်ထားသည့် အတွက် နောက်ထပ် ဘဏ်ခွဲပေါင်း ၃၂ ခုခန့်ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။ ဘဏ်ခွဲတစ်ခုလျှင် ဝန်ထမ်းဦးရေ ၄ဝ နီးပါးခန့် ထားလေ့ရှိရာ ထပ်မံ၍ ဝန်ထမ်းပေါင်း ၁၂ဝဝ ကျော် ခန့်အပ်မည် ဖြစ်သည့်အတွက် ဧရာဝတီဘဏ်၏ စုစုပေါင်း ဝန်ထမ်း အင်အားသည် ၄ဝဝဝ ခန့်အထိ ဖြစ်လာမည် ဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဧရာဝတီဘဏ်သည် ၂ဝ၁ဝ ပြည့်နှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ရရှိခဲ့ပြီး ကနဦးမတည် ရင်းနှီးငွေ ၁ဝ ဘီလီယံဖြင့် လုပ်ငန်း စတင်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် မတ်လတွင် မတည်ရင်းနှီးငွေ ဘီလီယံ ၂ဝ အထိ တိုးမြင့်လာကာ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဘဏ်ခွဲပေါင်း များစွာကို တိုးချဲ့ဖွင့်လှစ် ခဲ့ကြောင်း၊ ယခုအခါ ဖွင့်လှစ်ပြီးသော ဧရာဝတီ ဘဏ်ခွဲပေါင်း ၆၈ ခုရှိပြီဖြစ်ကာ နောက်ဆုံး ဖွင့်လှစ်ခဲ့သော ဘဏ်ခွဲမှာ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် ပင်လုံရပ်ကွက်၌ မေ ၉ ရက်က ဖွင့်လှစ်ခဲ့သော ကလေးဘဏ်ခွဲကြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီဘဏ် အနေဖြင့် ငွေစုငွေချေးခြင်း၊ ငွေလွှဲခြင်း၊ လစာပေးခြင်း၊ ငွေကောက် ခံခြင်းနှင့် လုံခြုံမှုသေတ္တာ ငှားရမ်းခြင်း စသည့်ဘဏ် လုပ်ငန်းများအပြင် ငွေပေး အမိန့်လွှာနှင့် ATM Card စနစ်များကိုလည်း ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top