Thursday, December 18, 2014

ပါတီကလက်ခံပြီး လူထုထောက်ခံမည့် ကိုယ်စားလှယ်များဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် မိုးညှင်းပြည်ခိုင်ဖြိုး ပါတီ ဆွေးနွေး
**********************************************************************


ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂၀၁၅ ခုနှစ် ပါတီ အောင်နိုင်ရေး စည်းရုံးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းပွဲကို ယခုလ ၁၅ ရက် မွန်းလွဲ ၁ နာရီက ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြုလုပ်ရာ ခရိုင်/မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး ပါတီဗဟိုကော်မတီဝင် (မိုးညှင်းခရိုင် တာဝန်ခံ) ဦးကျော်စိုးလေးက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါတီကလက်ခံပြီး လူထုအားကိုး ယုံကြည် ထောက်ခံနိုင်မည့် ကိုယ်စားလှယ်များဖြင့် ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြရန် လိုအပ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
ဆက်လက်၍ ပါတီဗဟိုကော်မတီဝင်ကမိမိတို့ပါတီသည် အတွေ့အကြုံနှင့် အရည်အချင်း ပြည့်ဝသော ပုဂ္ဂိုလ်များဖြင့် စုဖွဲ့ထားပြီး ပါတီ၏မူဝါဒ၊ လုပ်ငန်းစဉ်များ သည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို တစိုက်မတ်မတ် ဦးတည်ရှေးရှု အကျိုးပြုလျက်ရှိကြောင်း၊ ပါတီဥက္ကဋ္ဌကြီးကိုယ်တိုင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသကဲ့သို့ မိမိတို့ ပါတီကော်မတီ အဆင့်ဆင့်သည်လည်း ပါတီတွင်း ဒီမိုကရေစီကို လက်တွေ့ကျင့်သုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ လွှတ်တော်သုံးရပ်အတွက် ပါတီကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ လျာထား သတ်မှတ်ရာတွင်လည်း ပါတီ အဆင့်ဆင့်၏ ဆန္ဒသဘောထားသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ သို့ပါ၍ ၂၀၁၅ ခုနှစ် ပါတီအောင်နိုင်ရေးသည် မိမိတို့ပါတီ အကျိုး စီးပွားထက် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရည်မှန်းလျက် တက်ညီလက်ညီရှိမှု၊ စည်းလုံးညီညွှတ်မှု တို့နှင့်အတူ စည်းရုံးရေး စွမ်းဆောင်ရည် မြှင့်တင်ပြီး ပြည်သူအားကိုး ယုံကြည်သော ပြည်သူ့ပါတီအဖြစ် အောင်မြင်မှုရရှိရေး အစွမ်းကုန် အားထုတ်ကြိုးပမ်းကြရန် အသေးစိတ် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် မိုးညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီနာယက ဦးဖေသောင်းနှင့် မိုးညှင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိုင်းတင်အောင်တို့က ၂၀၁၅ ခုနှစ် ပါတီစုံရွေးကောက်ပွဲ၌ မိမိတို့ပါတီ အနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ရေး၊ ၂၀၁၅ ခုနှစ် တွေ့ကြုံရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများကိုလည်း ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းချက်တာဝန် အောင်မြင်ရန် စည်းရုံးဆောင်ရွက်ကြရေး ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်တစ်ခုလုံးတွင် မိုးညှင်းခရိုင်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခရိုင်လုံးကျွတ် အောင်နိုင်ခဲ့ကြောင်း သိရသည်။


No comments:

Post a Comment

back to top