Thursday, December 18, 2014


ရန်ပုံငွေကို မြို့နယ်အတွက် အကျိုးရှိစွာ အသုံးချရန် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသိန်းဆွေ မှာကြား
********************************************************************************

အမ်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ယခုလ ၁၃ ရက် မွန်းလွဲပိုင်းတွင် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနား သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကုမ္မဏီအဖွဲ့အစည်းများ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော် မတီ၊ မြို့နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြို့နယ်သန့်ရှင်းသာယာလှပရေး၊ လျှပ်စစ်မီးပြည့်ဝစွာရရှိရေး၊ သောက်သုံးရေ လုံလောက်စွာ ရရှိရေးနှင့် မြို့ရေပေးဝေရေး၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရေး၊ မြို့နယ်အတွက် မီးသဂြိုဟ်စက် ဆောက်လုပ်ရေး၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြကြသည်။
ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက အမှာစကား ပြောကြားရာတွင် ဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်ရာ၌ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေး၊ အမြဲမပြတ် ကြီးကြပ်ရန် ယခုနှစ် အခြေခံ လိုအပ်ချက် ဖြစ်သောလမ်း၊ တံတား၊ ရေ၊ မီးကိစ္စများ ဦးစားပေး ဆောင်ရွက်ခဲ့ကြောင်း၊ လာမည့်နှစ်တွင် ဒေသခံများ၏ စီးပွားရေး ပိုမိုဖြစ်ထွန်းလာစေရေးအတွက် လယ်သမားကာရီများ တည်ဆောက်ပေးခြင်း၊ လုပ်ငန်းခွင် အခြေခံကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ပို့လွှတ်သင်ကြားစေပြီး အလုပ်အကိုင်များ ရရှိစေရေး ဖန်တီးပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အခိုင်အမာတာတမံများကို ပုံစံတကျ ပြုပြင်ပေးခြင်းဖြင့် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အကျိုးရရှိစေမည်ဖြစ်ကြောင်း၊ မွေးမြူးရေးအတွက် နည်းပညာနှင့် မျိုးကောင်း မျိုးသန့်ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွက် ရရှိသည့်ရန်ပုံငွေများကို အကျိုးရှိစွာ အသုံးချရန်လိုပြီး အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ ဌာနဆိုင်ရာ များကလည်း စေတနာမှန်ဖြင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top