ရီးရဲလ်အတွက် ရော်နယ်ဒို ၂၀၀ မြောက် ဂိုးသွင်းပြီး ဟက်ထရစ် စံချိန်တင်

ရီးရဲလ်မက်ဒရစ်−ပေါ်တူဂီလက်ရွေးစင် ရော်နယ်ဒိုသည် စပိန်လာလီဂါတွင် (၂၃)ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်သည့် စံချိန်တစ်ရပ်တင်နိုင်ခဲ့ပြီး ရီးရဲလ်အသင်းမှာ ဆဲလ်တာဗီဂိုအသင်းကို သုံးဂိုး ပြတ် အနိုင်ရရှိကာ ပြိုင်ပွဲအရပ်ရပ် ၁၈ ပွဲ ဆက်တိုက် အနိုင်ရသည့် စံချိန်နှင့် တူညီသွားပြီ ဖြစ်သည်။
မကြာသေးမီက မက်ဆီ၏ စံချိန် ချိုးဖျက်ခြင်းခံလိုက်ရသည့် လာလီဂါဂိုးသွင်းဘုရင် တယ်ဖိုတရာနှင့် ရီးရဲလ်အကျော်ဇေယျ ဘောလုံးသမား စတီဖန်နိုတို့မှာ ဟက်ထရစ် (၂၂) ကြိမ် သွင်းပြီး စံချိန် တင်ထားခဲ့ခြင်း ဖြစ်သည်။ နည်းပြ အန်ဆယ်လော့တီ၏ ရီးရဲလ်အသင်းမှာ ၂၀၀၅-၀၆ ဘောလုံး ရာသီက နည်းပြရစ်ကတ်၏ ဘာစီလိုနာအသင်း တင်ထားခဲ့သော (၁၈) ပွဲဆက်တိုက် အနိုင်ရသည့် စံချိန်နှင့်တူညီသွားပြီ ဖြစ်သည်။
ထို့ပြင် ရီးရဲလ်မှာ ဒီဇင်ဘာ ၉ ရက်တွင် လူဒိုဂိုရက်စ်အသင်းနှင့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲ ယှဉ်ပြိုင် ရမည်ဖြစ်၍ ယင်းစံချိန်ကို ချိုးဖျက်နိုင်ခြေများကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။ ပထမပိုင်းပြီးရန် ကိုးမိနစ်အလိုတွင် ရရှိသော ပင်နယ်တီကို ရော်နယ်ဒို (၂၉) နှစ်က ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့ပြီး ပွဲကစားချိန် ၆၅ မိနစ်တွင် တစ်ဂိုး၊ ၈၁ မိနစ် တွင် တစ်ဂိုး သွင်းယူ သွားခဲ့သည်။
ရော်နယ်ဒို၏ လာလီဂါသွင်းဂိုးမှာ ယခုရာသီတွင် ၁၃ ပွဲ အတွင်း ၂၃ ဂိုး ရှိပြီ ဖြစ်သည်။
No comments:
Post a Comment