Wednesday, December 17, 2014

ပထမဆုံးအကြိမ် နိုဘယ်မြန်မာစာပေပွဲတော်ကိုဇန်နဝါရီလတွင် နိုင်ငံတော် ပွဲလမ်းအသွင်ဖြင့် ကျင်းပမည်

မြန်မာစာပေလောကသားများ ပထမဆုံးအကြိမ် ဦးဆောင်ကျင်းပ မည့် နိုဘယ်မြန်မာစာပေပွဲတော်ကို လာမည့် ဇန်နဝါရီ ၁၇ ရက်မှ ၁၉ ရက်ထိ ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံတွင် သုံးရက်တိုင်တိုင် ကျင်းပမည် ဖြစ်ကြောင်း ပွဲတော် ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ စာရေးဆရာဖေမြင့်ထံမှ သိရသည်

''နိုဘယ်မြန်မာစာပေပွဲတော်ဟု ခေါင်းစဉ်တပ်ပြီး ပွဲတော်ပြုလုပ်တယ် ဆိုတာက စာပေနဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီးပြုလုပ်တာပါ။ နိုင်ငံ တကာ စာပေတွေထဲမှာ ကောင်းတယ် လို့ လက်ခံထားပြီး ထင်ရှားတဲ့ နိုဘယ် ဆုရ စာရေးဆရာတွေရဲ့ စာပေတွေနဲ့ အဓိကအားဖြည့်မယ်။မြန်မာစာပေ တိုးတက်မြင့်မားရေး အတွက် မြှင့်တင် ဖို့ ရည်ရွယ်ထားပြီး နိုင်ငံတော် ပွဲလမ်းကြီးတစ်ခု အသွင်ဖြစ်အောင် လုပ်ဆောင်မှာပါ''ဟု စာရေးဆရာ ဖေမြင့်က ပြောကြားသည်။
ပွဲတော်ရက်များအတွင်း နိုဘယ် ဆုရ နိုင်ငံတကာ စာရေးဆရာများ ရေးသားထားသည့် ဝတ္ထု၊ ကဗျာနှင့် အခြားစာပေများထဲမှ မြန်မာဘာသာ သို့ ပြန်ဆိုခဲ့ဖူးသော စာအုပ်များ နှင့် ထပ်မံဘာသာပြန်ဆိုထားသော စာအုပ်များအား ပြန်လည်ထုတ်ဝေ မည်ဖြစ်သည်။ ယင်းသို့ ထုတ်ဝေရာ တွင် ပွဲတော် အထိမ်းအမှတ်အဖြစ် ပွဲတော်အမှတ်တံဆိပ် ကပ်နှိပ်ထား သော စာအုပ်အတွဲ (၅ဝ)မှ (၆ဝ) ခန့် ပါဝင်သည့် စာအုပ်တွဲများအား အထူး ပုံနှိပ် ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
နော်ဝေနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ်ဆုရွေးချယ်ရေး ကော်မတီမှ ကိုယ်စားလှယ်တစ်ဦး အပါအဝင် နိုင်ငံတကာမှ စာပေပညာရှင် ၁၂ ဦးနှင့် ပြည်တွင်း မှ စာပေပညာရှင် များက ပွဲတော်ရက်အတွင်း စာပေ ဆိုင်ရာ အကြောင်း အရာ များကို ဆွေးနွေး ဟောပြောမည်ဖြစ် သည်။ နိုဘယ် မြန်မာစာပေ ပွဲတော် ဖြစ်မြောက်ရေး အတွက် နော်ဝေနိုင်ငံ မှ လွတ်လပ်စွာရေးသားခွင့် အမည်ရှိ အဖွဲ့အစည်းနှင့် ဆွီဒင်နိုင်ငံရှိ စာပေ အဖွဲ့အစည်းများမှ တစ်စိတ်တစ်ပိုင်း ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
ပွဲတော်ကျင်းပသည့် သုံးရက် အတွင်း နံနက်ပိုင်းနှင့် ညနေပိုင်းတို့ တွင် စာပေဆိုင်ရာ ဟောပြော ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ယာယီတဲ များဖြင့် အစုအဖွဲ့လိုက် ဟောပြော ဆွေးနွေးမှုများ ပြုလုပ်နိုင်ပြီး ကာတွန်းပြပွဲ၊ ဓာတ်ပုံပြပွဲများ ပြုလုပ် သွားမည်ဖြစ်သည်။ ညပိုင်းတွင် စာပေ၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေးနှင့် ဆက်စပ်သော ဂီတဖျော်ဖြေပွဲများ ပါဝင်မည် ဖြစ်သည်။ ည ၇ နာရီမှ ၁၁ နာရီထိ အငြိမ့်ပွဲများ ထည့်သွင်း ပြသသွားမည် ဖြစ်သည်။
အထူးအစီအစဉ်အဖြစ် ဆရာ ဇော်ဂျီက မြန်မာမှုပြုကာ ပြန်လည် ရေးသားခဲ့သော မဟာဆန်ချင်သူ ပြဇာတ်အား စာရေးဆရာချစ်ဦးညိုက ဇာတ်ညွှန်း ရေးသား၍ မြန်မာစာရေး ဆရာ၊ ကဗျာဆရာနှင့် ကာတွန်းဆရာ များက ပါဝင်သရုပ်ဆောင်ပြီး ညစဉ် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက် ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဖေမြင့်က ပြောကြား သည်။

No comments:

Post a Comment

back to top