Wednesday, December 17, 2014

2014 Miss World ရွေးပွဲတွင် တောင်အာဖရိက အလှမယ် သရဖူ ဆွတ်ခူး



ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည့် (၆၄)ကြိမ်မြောက် Miss World အလှမယ် ရွေးချယ်ပွဲ၌ တောင်အာဖရိက အလှမယ် ရိုလင်း စထရပ်စ်က အလှမယ် သရဖူဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။
အလှမယ် ရိုလင်း စထရပ်စ်သည် စတုတ္ထနှစ် ဆေးကျောင်းသူ တစ်ဦးဖြစ်ပြီး သူမအား ဆေးပညာရပ်အပေါ် စိတ်ဝင်စား စေခဲ့သော ဖခင်ဖြစ်သူ၏  သွန်သင် ဆုံးမမှုကို အဆိုပါ အလှမယ်ပြိုင်ပွဲတွင်   ချီးကျူး ပြောကြားခဲ့သည်။ ထို့ပြင် သူမ၏ မိခင်ဖြစ်သူက သူမအား စိတ်ထားမှန်ကန်အောင် သင်ကြားပေးလေ့ ရှိကြောင်း၊ အစ်ကိုဖြစ်သူကလည်း သူတစ်ပါးအပေါ် စာနာရိုင်းပင်းတတ်သည့် စိတ်ဓာတ်နှင့် စိတ်ရှည်သည်းခံ နိုင်သည့် စိတ်ထားတို့ကို မွေးမြူရန် သင်ကြားပေးခဲ့ကြောင်း   သူမက ပြန်လည် ပြောပြခဲ့သည်။
အသက် ၂၂ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ရိုလင်းစထရပ်စ်သည် ဂေါက်သီးရိုက်ခြင်း၊ စက်ဘီးစီးခြင်း၊  ဘတ်စကက်ဘော ကစားခြင်း၊ စာဖတ်ခြင်းတို့ကို စိတ်ဝင်စားသူ ဖြစ်သည်။
ထို့ပြင် သူမသည် ဂီတပိုင်းတွင်လည်း ထူးချွန်သူဖြစ်ပြီး ပလွေ၊ ဂီတာနှင့် စန္ဒရား တို့ကိုလည်း ကျွမ်းကျင်စွာ တီးခတ်နိုင်သူ ဖြစ်ကြောင်း သိရသည်။
သူမအနေဖြင့် ဆရာဝန်တစ်ဦး ဖြစ်လာပါက အမျိုးသမီးများ၏ ကျန်းမာရေးကို အဓိက ထား စောင့်ရှောက်သွားမည် ဖြစ်ပြီး MBA ဘွဲ့ကိုလည်း ရရှိအောင် ကြိုးစား သင်ယူသွားမည်ဟု ရိုလင်း စထရပ်စ်က ပြောကြားခဲ့သည်။
၂ဝ၁၄ ခုနှစ်၏ Miss  World အလှမယ် ရွေးချယ်ပွဲ၌ 1st  Runner-up ဆုကို ဟန်ဂေရီ အလှမယ် အယ်ဒီနာကားလ်စကာက ရရှိခဲ့ပြီး 2nd Runner-up ဆုကို အမေရိကန် အလှမယ် အဲလိဇဘက် ဆာဖရစ်က ရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top