Monday, December 29, 2014

ရီးရဲမက်ဒရစ်နှင့် အေစီမီလန်တို့ရဲ့ ဒူးဘိုင်းဖလားပွဲ

ရီးရဲမက်ဒရစ်နဲ့ အေစီမီလန်တို့ရဲ့ ဒူဘိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၃ဝ ရက်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာရှိတဲ့ The Seven အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ စပိန်လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်နဲ့  စီးရီးအေမှာ အရှိန်အဝါကြီးမားတဲ့ ကလပ်အသင်း ဖြစ်တဲ့ အေစီမီလန်တို့ရဲ့ပွဲကတော့ ပရိသတ်တွေ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲလည်း ဖြစ်နေပါတယ်။ ဒူဘိုင်းဖိတ်ခေါ်ဖလားပြိုင်ပွဲကို အမ်းမရိတ်စ် လေကြောင်းလိုင်းက စီစဉ်ကျင်းပတာဖြစ်ပြီး အဲဒီ ဘောလုံး နှစ်သင်းစလုံးကို အမ်းမရိတ်စ်လေကြောင်းလိုင်းက စပွန်ဆာပေးထားတာမို့ အခုလို ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲစေခြင်း ဖြစ်ပါတယ်။
အခုကစားမယ့် ဒူဘိုင်းမြို့ကThe Seven အားကစားကွင်းဟာ ပရိသတ် ၄ဝဝဝဝ ကြည့်ရှုနိုင်ပြီး အခုအချိန်မှာတော့ လက်မှတ်တွေအကုန် ရောင်းချထားပြီဖြစ်လို့ ပရိသတ် စိတ်ဝင်စားတဲ့ ဘောလုံးပွဲ ဖြစ်ကြောင်း ပြသနေပါတယ်။
ဒီပွဲကို အများဆုံး လာရောက်ကြည့်ရှုကြမယ့် ပရိသတ်တွေက အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေက ပရိသတ်တွေ အများဆုံး ပါဝင်နေပြီး ရီးရဲမက်ဒရစ်ကို အားပေးသူတွေ ပိုများတယ်လို့ ဆိုပါတယ်။ ဒီနှစ် ဒူဘိုင်းဖလားကိုတော့ လက်ရှိခြေစွမ်းအရ ရီးရဲမက်ဒရစ်တို့ သိမ်းပိုက်ဖို့များနေတာတော့ အမှန်ပါပဲ။
ရီးရဲမက်ဒရစ်ဟာ ဒီနှစ်စပိန်လာလီဂါမှာ အကောင်းဆုံးပုံစံရရှိနေပြီး တိုက်စစ်စွမ်းရည်လည်း တောက်ပ နေတဲ့အသင်း ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်တိုက်စစ်မှူးတွေဟာ ဒီနှစ်လာလီဂါ ရာသီတစ်ဝက်မှာ သွင်းဂိုး ၅၅ ဂိုးအထိ သွင်းယူ ထားနိုင်ပြီး တန်းစီ ဇယားကို ဦးဆောင်နေပါတယ်။ ရီးရဲမက်ဒရစ်ရဲ့ ဂိုးသွင်းဘုရင်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ဒီနှစ် လာလီဂါမှာ တစ်ဦးတည်း ၂၅ ဂိုး သွင်းယူ နိုင်ခဲ့တာဖြစ်လို့ တစ်ပွဲ ပျမ်းမျှ ၁ ဒသမ ၇၉ ဂိုးနှုန်း သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
အခုပွဲမှာ နည်းပြအန်ဆယ်လော့တီဟာ လူစုံ စုဖွဲ့ပြီး ဒူဘိုင်းဖလားကို သိမ်းပိုက်ဖို့ ချီတက်လာမှာ ဖြစ်ပါတယ်။ ပွဲတိုင်းအနိုင်ယူပြီး ဖလားတိုင်း ရယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရီးရဲမက်ဒရစ်တို့ဟာ ဒူဘိုင်းဖလားကို အိမ်အပြန်မှာ သယ်ဆောင်ပြီး ပြန်ပါလိမ့်မယ်။
စီးရီးအေမှာ အရှိန်အဝါကြီးမားတဲ့ အေစီမီလန်ဟာ လက်ရှိအချိန်မှာ အစွယ်တုံးနေတဲ့ အနေအထား ဖြစ်ပါတယ်။ ချယ်လ်ဆီးက ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး တောရက်စ်ကလည်း ဂိုးမသွင်းနိုင်သလို ဂိုးသွင်း သေချာတဲ့ မီနက်ကလည်း စွမ်းဆောင်မှုနှုန်း ကျဆင်း နေပါတယ်။ ပယ်နယ်တီဂိုးတွေနဲ့ အသက်ဆက်နေရ တဲ့ အေစီမီလန်အတွက် အသက်ရှူကျပ်မယ့်ပွဲပါပဲ။
အေစီမီလန်အသင်းရဲ့ နည်းပြအင်ဇာဂီဟာ ထူးခြားတဲ့စွမ်းရည် မဖော်ပြနိုင်ဘဲ လက်ရှိအချိန်မှာ စီးရီးအေ တန်းစီ ဇယားမှာ သတ္တမနေရာ ရပ်တည်နေရတဲ့ အခြေအနေဖြစ်နေပါတယ်။ ကစားသမားတွေက စိတ်ဓာတ်ပိုင်း အားနည်းမှုများနေပြီး အနီကတ်တွေ အထိများနေလို့ အေစီမီလန်ရဲ့ လက်ရှိအနေအထားက အကောင်းဆုံးတော့ ရှိမနေပါဘူး။
တိုက်စစ်ရောခံစစ်ပိုင်းမှာပါ အားရစရာမရှိတဲ့ အေစီမီလန်တို့ဟာ ဒူဘိုင်းဖလားကို ရယူနိုင်ဖို့ဆိုတာ ကံကြမ္မာကိုပဲ မျှော်လင့်ရမှာဖြစ်ပြီး ခြေစွမ်းချင်းကတော့ ယှဉ်နိုင်ဖို့ခက်ခဲမှာတော့ အမှန်ပါပဲ။

No comments:

Post a Comment

back to top