Wednesday, December 31, 2014

အမျိုးသား အားကစား ပွဲတော်ကို ဇန်နဝါရီလ အစား ဖေဖော်ဝါရီလမှသာ ကျင်းပမည်

ဆယ်စုနှစ် နှစ်စုနီးပါး အကြာတွင် ပြန်လည်ကျင်းပနိုင်သည့် စတုတ္ထ အကြိမ်မြောက် အမျိုးသား အားကစား ပွဲတော်ကို မူလစီစဉ်ထားသည့် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလအစား ဖေဖော်ဝါရီလတွင်သာ  ကျင်းပမည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်လွင်က ပြောသည်။
အဆိုပါ အမျိုးသား အားကစား ပွဲတော်ကို မူလက ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၂၄ ရက်အထိ အားကစား နည်း၂၇ မျိုးဖြင့် ကျင်းပရန် စီစဉ် ထားခဲ့ခြင်း ဖြစ်ပြီး နေပြည်တော် ကောင်စီ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ အားကစားသမား ၁ဝ၈၆ဝ ဦး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၁၇ နှစ်ကျော် အကြာတွင် ပြန်လည်ကျင်းပသော အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီလတွင်  ပြောင်းရွှေ့ ကျင်းပရန် နိုင်ငံတော် သမ္မတရုံးမှ အကြောင်း ကြားခဲ့သောကြောင့် ပြိုင်ပွဲဝင်မည့် ကျောင်းသား၊ ကျောင်းသူ များ အတန်းတင် စာမေးပွဲနှင့်  မတိုက်စေရန်  ပညာရေး ဝန်ကြီးဌာနနှင့်  ညှိနှိုင်း ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
စတုတ္ထ အကြိမ်မြောက် အမျိုးသားအား ကစားပွဲတော်တွင် ပြေးခုန်ပစ်၊ ကြက်တောင်၊ တိုက်ကွမ်ဒို၊ မြန်မာ့ သိုင်း၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘိလိယက်နှင့် စနူကာ၊ အလေး မ၊ ရိုးရာခြင်းလုံး၊ ကာယကြံ့ခိုင်မှု၊ အနောက်တိုင်း လက်ဝှေ့၊ ရိုးရာလက်ဝှေ့၊ စစ်တုရင်၊ စက်ဘီး၊ ဘောလုံး(အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ် (အမျိုးသား၊ အမျိုးသမီး)၊ ဂေါက်ဖ်၊ ဂျူဒို၊ ကရာတေးဒို၊ ဝူရှူး၊ ရိုးရာလှေ၊ ပိုက် ကျော်ခြင်း၊ ရေကူး၊ ဒိုင်ဗင်၊  စားပွဲတင် တင်းနစ်၊ တင်းနစ်နှင့် သုံးမျိုးစုံ ခရစ်ကတ် အားကစားနည်းတို့ ပါဝင်ကြောင်း သိရသည်။
အမျိုးသား အားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်တို့တွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းနှစ်များတွင် ကျင်းပနိုင်ခြင်း မရှိတော့ဘဲ  ၁၇ နှစ်ကျော် ကြာပြီးနောက် ၂ဝ၁၅ ခုနှစ်တွင် ပြန်လည် ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top