Friday, December 19, 2014

Organization နှင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက အနုပညာ လှုပ်ရှား မှုများ တောက်လျှောက် လုပ်ဖြစ်တော့မှာ မဟုတ်ဘူး ပြောတဲ့ မိုးစက်ဝိုင်

မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်သည့် Miss Uni-verse 2013 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့သည့် မိုးစက်ဝိုင်က သူ့အနေဖြင့် Miss Universe Organization နှင့် စာချုပ်သက်တမ်း ကုန်ဆုံးပါက အနုပညာ လှုပ်ရှားမှုကို တောက်လျှောက် လုပ်ဖြစ်တော့မည် မဟုတ်ကြောင်း သိရသည်။ မိုးစက်ဝိုင် အနေဖြင့် Miss Universe Myanmar Organization နှင့် အနုပညာ အလုပ်များ ဆောင်ရွက်ရန် နှစ်နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။
''မိုးစက်အနေနဲ့ အနုပညာ လှုပ်ရှားမှုကို တောက်လျှောက် လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အခု Organization နဲ့ စာချုပ်ရှိတဲ့ သက်တမ်း တစ်လျှောက်တော့ လုပ်ဖြစ်မှာပါ။
စာချုပ် သက်တမ်းကတော့ နောက်နှစ် ကုန်လောက်အထိ ရှိပါတယ်'' ဟု မိုးစက်ဝိုင်က ပြောသည်။ မိုးစက်ဝိုင်သည် ကိုယ်ပိုင် ပရဟိတ လုပ်ငန်းအဖြစ် တက္ကသိုလ် ဝင်တန်း ဖြေဆိုမည့် ကျောင်းသား သုံးဦးကို ပြင်ဦးလွင်မြို့ စိုးစံ ဘော်ဒါဆောင်၌ တာဝန်ယူ ကျောင်းထားပေးပြီး Organization နှင့်အတူ လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အနုပညာ လှုပ်ရှားမှုများ အနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုဖြစ်သော ဗန်ကောက် Airways ၏ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖြစ် ဆောင်ရွက်လျက် ရှိပြီး ကြော်ငြာများလည်း ဆက်တိုက် ရိုက်ကူးလျက် ရှိကြောင်း သိရသည်။
ထို့အပြင် အခြားလူမှုရေး ပရဟိတ လုပ်ငန်းသစ် တစ်ခုကို ဆောင်ရွက်သွားရန်လည်း စီစဉ်လျက် ရှိပြီး ထိုပရဟိတ လုပ်ငန်းသစ်နှင့် ပတ်သက်၍ ယခုနှစ်ကုန်တွင် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top