Monday, December 22, 2014

အာဆီယံဆူဇူကီးဖလားတွင် ထိုင်းအသင်း လေးကြိမ်မြောက် ဗိုလ်စွဲ

၂၀၁၄ အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့တွင် ထိုင်းအသင်းက မလေးရှားအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်စွဲခဲ့သည်။

 ၂၀၁၄ ဆူဇူကီးဖလားချန်ပီယံ ထိုင်းလက်ရွေးစင်အသင်း
 ဒီဇင်ဘာ ၂၀ ရက် ညက မလေးရှားနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲတွင် ပထမအကျော့က နှစ်ဂိုးပြတ် ရှုံးနိမ့်ထားသည့် အိမ်ရှင်မလေးရှားအသင်း၏ ရုန်းကန်မှုကြောင့် မိနစ် ၈၀ ကျော်အထိ မလေးရှားအသင်းက သုံးဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ထိုင်းအသင်းက ရှစ်မိနစ် အတွင်း နှစ်ဂိုးပြန်သွင်းကာ ချန်ပီယံ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းအသင်းသည် ဆူဇူကီးဖလား ချန်ပီယံဆုကို လေးကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး စင်ကာပူအသင်းနှင့် ဗိုလ်စွဲသည့်အရေအတွက် စံချိန် တူညီသွားသည်။ ထိုင်းအသင်းသည် ဆူဇူကီးဖလား ချန်ပီယံဆုကို ၂၀၀၂ က တတိယအကြိမ်မြောက် ရရှိခဲ့ခြင်း ဖြစ်ပြီး ၁၂ နှစ်အကြာမှ စတုတ္ထအကြိမ် ဆွတ်ခူးခြင်း ဖြစ်သည်။
၂၀၁၄ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲတွင် အကောင်းဆုံး ဘောလုံးသမားဆုကို ထိုင်းအသင်းမှ ကွင်းလယ်ကစားသမား ဆောင်ခရာဆင်၊ ဂိုးအများဆုံးသွင်းယူသည့် ကစားသမားဆုကို သွင်းဂိုး ခြောက်ဂိုးသွင်းယူခဲ့သည့် မလေးရှားအသင်း တိုက်စစ်မှူး ဆာဖစ်ရာဟင်နှင့် အသန့်ရှင်းဆုံးအသင်းဆုကို ဗီယက်နမ်အသင်းက ရရှိခဲ့သည်။
ထိုင်းလက်ရွေးစင်အသင်း နည်းပြကိုင်တီဆတ်သည် အာဆီယံဆူဇူကီးဖလား ချန်ပီယံဆု အားကစားသမား ဘ၀အပြင် နည်းပြဘ၀အဖြစ်ပါ ရယူနိုင်ခဲ့သည့် မှတ်တမ်းဝင်ခဲ့သည်။ ကိုင်တီဆတ်သည် ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲဝင် ထိုင်းယူ-၂၃ အသင်း ကိုလည်း ရွှေတံဆိပ်ရယူပေးခဲ့သူ ဖြစ်သည်။
ယခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စုပွဲစဉ်များ အပြီးတွင် ရမှတ်တစ်မှတ်သာ ရရှိခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ လာမည့် ၂၀၁၆ အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲကို မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။


No comments:

Post a Comment

back to top