Monday, December 22, 2014

ပြင်သစ် နောက်ခံလူဟောင်း အဘီဒယ်လ် ကစားသမားဘ၀ အနားယူ

၂၀၁၂ခုနှစ်က အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ ပြင်သစ် နောက်ခံလူဟောင်း အီရစ်အဘီဒယ်လ်ဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ကစားသမားဘ၀ကနေ အနားယူတော့မယ်လို့ သောကြာနေ့က တရားဝင် ပြောကြားလိုက်ပါတယ်။
ဂရိနိုင်ငံ၊ ပီယာရူးစ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အဘီဒယ်လ်က ”ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ကို လက်ရှိကလပ် အိုလံပီယာကို့စ်မှာပဲ အဆုံးသတ်ပါတော့မယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ဒီဆုံးဖြတ်ချက်ကို ခက်ခဲစွာ ချခဲ့ရပေမယ့် ဒါဟာ ကစားသမားတိုင်း ကြုံတွေ့ရမယ့် ကာလတစ်ခုပါပဲ”လို့ ဆိုခဲ့ပါတယ်။ အသက်(၃၅)နှစ် ရှိပြီဖြစ်တဲ့ အဘီဒယ်လ်ဟာ ပြင်သစ်အသင်းအတွက် ၂၀၁၃ နိုဝင်ဘာက ယူကရိန်းနဲ့ ကစားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နောက်ဆုံးအကြိမ် ပါဝင်ကစားပေးခဲ့ပြီး လက်ရွေးစင်အသင်းအတွက် (၆၇)ပွဲ ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းနဲ့အတူ ၂၀၀၉ နဲ့ ၂၀၁၁တွေမှာ ချန်ပီယံလိဂ် ချန်ပီယံဆုတွေ ရခဲ့တဲ့ အဘီဒယ်လ်ဟာ လိုင်ယွန်၊ မိုနာကိုစတဲ့ အသင်းတွေမှာ ပါဝင်ကစားခဲ့သူဖြစ်ပြီး အခုနောက်ဆုံး ဂရိကလပ် အိုလံပီယာကို့စ်မှာ ကစားသမားဘ၀ကို အဆုံးသတ် လိုက်တာလည်း ဖြစ်ပါတယ်။ အဘီဒယ်လ်က ”တစ်ချိန်မှာ ဘာစီလိုနာနဲ့ အိုလံပီယာကို့စ် တစ်သင်းသင်းကို နည်းပြ အဖွဲ့ဝင်အဖြစ်နဲ့ ပြန်သွားဖို့ စိတ်ကူးရှိပါတယ်။ ခုချိန်မှာတော့ မိသားစုနဲ့ အချိန်ပေးပြီး အနားယူပါဦးမယ်။ ဘ၀တစ်လျှောက် ဖြတ်သန်းခဲ့သမျှ အမှတ်ရစရာတွေချည်းပါပဲ”လို့ ပြောဆိုသွားခဲ့ပါတယ်။ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာတော့ အဘီဒယ်လ်ဟာ အိုလံပီယာကို့စ်အသင်း နည်းစနစ် အကြံပေးဖြစ်သူ ကာရန်ဗြူနဲ့အတူ ပရိသတ်တွေအတွက် အမှတ်တရ လက်မှတ်ရေးထိုးမှု ပြုလုပ်ခဲ့ပါတယ်။

No comments:

Post a Comment

back to top