Tuesday, December 23, 2014

၂ဝ၁၅ ခုနှစ်တွင် ဆောင်ရွက်မည့် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်) အတွက် မြို့နယ် ခြောက်ခု ရွေးချယ်မည်

လာမည့်နှစ် အတွင်း ဆောင်ရွက်မည့် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်)ကို အကောင်အထည် ဖော်ရန် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး အစရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီး ခြောက်ခု၌ စီမံကိန်း မြို့နယ် တစ်မြို့နယ်စီ ရွေးချယ်ကာ လိုအပ်သော ကူညီ ထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ မြို့နယ် ခြောက်မြို့နယ်ကို ရွေးချယ်ရာတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့် အခြေအနေများတွင် အနိမ့်ဆုံး အဆင့် ရှိသော မြို့နယ်များကို ဦးစားပေး ရွေးချယ်ပြီးနောက် ၎င်း မြို့နယ်များ၌ ရှိသော ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများ၊ ကျောင်း အဆောက်အအုံများနှင့် လမ်းတံတားများကို တည်ဆောက် ပြုပြင်ခြင်း၊ သောက်သုံးရေအတွက် ရေတွင်း၊ ရေကန်များ တူးဖော်ခြင်းနှင့် စိုက်ပျိုးရေ ပေးဝေခြင်း အစရှိသော လုပ်ငန်းများကို စီမံကိန်းများ ချမှတ် ဆောင်ရွက်သွားမည် ဖြစ်သည်။ ရွေးချယ် ခံရသော မြို့နယ်အတွင်းရှိ လူဦးရေ ၃ဝဝဝ အောက်ရှိသော ကျေးရွာအုပ်စု တစ်စုကို တစ်နှစ်လျှင် ငွေကျပ် သိန်း ၂ဝဝ၊ လူဦးရေ ၃ဝဝဝ မှ ၅ဝဝဝ ကြားရှိသော ကျေးရွာအုပ်စု တစ်စုကို ငွေကျပ်သိန်း ၄ဝဝ၊ လူဦးရေ ၅ဝဝဝ မှ ၉ဝဝဝ ကြားရှိသော ကျေးရွာအုပ်စု တစ်စုကို ငွေကျပ်သိန်း ၆ဝဝ နှင့် လူဦးရေ ၉ဝဝဝ အထက် ရှိသော ကျေးရွာအုပ်စု တစ်စုကို ငွေကျပ်သိန်း ၁၂ဝဝ စသည်ဖြင့် စံနှုန်းများ သတ်မှတ်၍ သုံးနှစ် ဆက်တိုက် ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့မှု အစီအစဉ်ကို ၂ဝ၁၃ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နေပြည်တော်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဖွံ့ဖြိုးမှု နောက်ကျ နေသော မြို့နယ်များကို ရွေးချယ်၍ အကူအညီ အထောက်အပံ့များ စီစဉ်ပေးထားပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top