Tuesday, December 23, 2014

၂ဝ၁၅ မာရာဟာလင်ဖလား ပြိုင်ပွဲကို မြန်မာအပါအဝင် လေးသင်းဖြင့် ကျင်းပမည်

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်က ပြန်လည်ကျင်းပမည့် ၂ဝ၁၅ ခုနှစ် မာရာဟာလင်ဖလားဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ ထွက်ပေါ် လာပြီ ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက် မှ ၁၃ ရက် အထိ ကျင်းပသွားမည် ဖြစ်ပြီး အသင်းလေးသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
၂ဝ၁၅ မာရာဟာလင်ဖလားပြိုင်ပွဲကို ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိထားသည့် မြန်မာယူ-၂ဝ အသင်းအပါအဝင် (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်ထားသည့် အင်ဒိုနီးရှားယူ-၂၃ အသင်း၊ အင်ဒိုနီးရှားကလပ် မီဒန်အသင်း၊ (သြစတြေးလျ ကလပ်) ပါ့သ်အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာယူ-၂ဝ အသင်းသည် ဇန်နဝါရီ ၉ ရက်တွင် ပါ့သ်အသင်း(သြစတြေးလျ) ဇန်နဝါရီ ၁၁ ရက်တွင် မီဒန်အသင်း (အင်ဒိုနီးရှား)၊ ဇန်နဝါရီ(၁၃) ရက် တွင် အင်ဒိုနီးရှားယူ-၂၃ အသင်း တို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ မြန်မာယူ-၂ဝ အသင်းသည် ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် အတွေ့အကြုံ ကောင်းများရရှိရန် ဝင်ရောက်ယှဉ်ပြိုင် ခြင်းလည်း ဖြစ်သည်။
မြန်မာယူ-၂ဝ အသင်းသည် ပဏာမကစားသမား ၂၄ ဦးဖြင့် နိုဝင်ဘာ ၁၇ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး မာရာဟာလင် ဖလား ပြိုင်ပွဲကို ကစားသမား ၁၉ ဦး ဖြင့် သွားရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ အာရှယူ-၁၉ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ကစားသမားသစ် အနည်းငယ်ဖြင့် သွားရောက်ယှဉ်ပြိုင်ဖွယ် ရှိနေပြီး ယခုလကုန်ပိုင်းတွင် အပြီးသတ်လူစာရင်းကို ရွေးချယ် သွားဖွယ်ရှိသည်။
မြန်မာယူ-၂ဝ အသင်းသည် ပြည်တွင်း အသင်းများနှင့် ခြေစမ်းပွဲ ငါးပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ငါးပွဲစလုံး အနိုင်ရရှိ ထားကြောင်း သိရသည်။ 

No comments:

Post a Comment

back to top