Thursday, December 18, 2014

ဗီယက်နမ် ရေအားလျှပ်စစ်စက်ရုံတစ်ခုတွင်ဥမင်ပြိုကျပြီး လူ(၁၂)ဦး ပိတ်မိနေ



ဗီယက်နမ် နိုင်ငံတွင်ဥမင်တစ်ခု ပြိုကျခဲ့ရာ အတွင်း၌ ပိတ်မိနေသူ (၁၂)ဦးကို ကယ်တင်ရန် အပြင်းအထန် ကြိုးစားနေကြကြောင်း သတင်းရရှိသည်။ ဗီယက်နမ် အလယ်ပိုင်းရှိ လမ်ဒေါင်းဒေသတွင် ဒါဒန်ဒါချိုမို ရေအားလျှပ်စစ် စက်ရုံနေရာ၌ အလုပ်လုပ် နေသူများသည် မိုးသည်းထန်စွာ ရွာသွန်းပြီး ဥမင်ပြိုကျရာ၌ ပိတ်မိနေခြင်း ဖြစ်သည်။
လတ်တလောတွင် ကယ်ဆယ်ရေးများက ပိတ်ဆို့နေသည့် ဥမင်နေရာကို လွန်ဖြင့်ဖောက်ကာ အတွင်းထဲသို့ အောက်စီဂျင်ဓာတ် ဖြည့်သွင်း ပေးနေကြောင်း သိရသည်။ ထိုအတောအတွင်း အပျက်အစီးများကို ဖယ်ရှား ရှင်းလင်းကာ အတွင်းမှ လူများကို ကယ်ထုတ်နိုင်ရန် ကြိုးစားနေသည်။
ဗီယက်နမ်သည် နိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းတွင် ဓာတ်အားပေး စက်ရုံများ တိုးမြှင့် တည်ဆောက်လျက် ရှိသည်။
မျက်မြင်များက ကယ်ဆယ်ရေးဝန်ထမ်း (၂၀၀)ခန့်သည် ပိတ်ဆို့နေသည့် ဥမင်ထဲသို့ အောက်စီဂျင်ပိုက် ထိုးသွင်းပေးနေသလို နောက်ထပ် ပြိုကျမှုများ မဖြစ်အောင် ဥမင်အမိုးကို ကျားကန် အားဖြည့်ပေးနေကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များက မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နေခြင်းက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှောင့်နှေးစေသလို ဥမင်အတွင်း ရေမျက်နှာပြင် မြင့်တက် လာနေစေကြောင်း မှတ်ချက်ပြုခဲ့သည်။
သတင်းများ၏ အဆိုအရ ပိတ်မိနေသည့် အလုပ်သမားများအားလုံး ကျန်းမာရေး အခြေအနေ လတ်တလော ကောင်းမွန်သော်လည်း ရေမျက်နှာပြင် တဖြည်းဖြည်း မြင့်တက်လာနေခြင်းကြောင့် သစ်ပြားများပေါ် တက်ထိုင်နေရကြောင်း သိရှိရသည်။
ဗီယက်နမ်သည် နိုင်ငံ၏ စွမ်းအင်အသုံးပြုမှု အားလုံး၏ (၃)ပုံ(၁)ပုံကို ရေအားလျှပ်စစ် စက်ရုံများအပေါ် မှီခိုထားသည်။ ဒါဒန်ဒါချိုမို ရေအားလျှပ်စစ် စက်ရုံကို ဒေါ်လာ (၂၂.၂) သန်း အကုန်အကျခံ တည်ဆောက် ထားပြီး နှစ်စဉ် ကီလိုဝပ်နာရီ သန်းပေါင်း(၁၁၀)မျှ ထုတ်လုပ်ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။

No comments:

Post a Comment

back to top