Thursday, December 18, 2014

ရုရှားအား ပိတ်ဆို့အရေးယူရေး ဥပဒေကြမ်းကို အိုဘားမား လက်မှတ်ရေးထိုးမည်ဟု အိမ်ဖြူတော် ထုတ်ပြန်



ယူကရိန်းအကျပ်အတည်းနှင့် ပတ်သတ်၍ ရုရှား၏ လုပ်ရပ်များအပေါ် ဆန့်ကျင်တုံ့ပြန်သည့် အနေဖြင့် ရုရှား အပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမို တင်းကျပ်ရေး အမေရိကန် ကွန်ဂရက်လွှတ်တော်တွင် အတည်ပြုခဲ့သော ဥပဒေကြမ်း တစ်ရပ်အား ဥပဒေအဖြစ် အတည်ပြုပြဌာန်းနိုင်ရန် အမေရိကန် သမ္မတအိုဘားမားက လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ပြောကြားခဲ့သည်။ ရုရှား ရူဘယ်ငွေ တန်ဖိုးထိုးကျနေစဉ်တွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းလည်းဖြစ်သည်။
“သမ္မတဟာ ဥပဒေကြမ်းကို လက်မှတ်ထိုးဖို့ တကယ်ကို ရည်ရွယ်ထားပါတယ်” ဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဂျော့ရှ်အန်းနက်စ်က သတင်း ထောက်များအား ပြောကြားခဲ့သည်။ ယူကရိန်းလွတ်လပ်ခွင့် အထောက်အကူပေးရေး အက်ဥပဒေကို စနေနေ့က အမေရိကန် လွှတ်တော်နှစ်ရပ်လုံးတွင် အားလုံးက တညီတညွတ်တည်း ထောက်ခံအတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ထိုဥပဒေကြမ်းထဲတွင် ရုရှားအား ပိတ်ဆို့ အရေးယူမှု အသစ်များ ချမှတ်ထားကာ ယူကရိန်း အရှေ့ပိုင်းရှိ ရုရှားလိုလားသူ သူပုန်များအား ရုရှားက အားပေး ကူညီနေ သည့်အတွက် အရေးယူဒဏ်ခတ်ခြင်း ဖြစ်သည်။
ပိတ်ဆို့အရေးယူမှု အသစ်များမှာ ရန်လိုမှုဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့က တနင်္လာနေ့က ပြောဆိုဝေဖန်ခဲ့သည်။ ထိုဥပဒေသည် ရုရှား၏ကာကွယ်ရေး ကဏ္ဍနှင့် စွမ်းအင် ကဏ္ဍတို့ကို ထိခိုက်ဖွယ်ရှိကာ၊ ယူကရိန်းနယ်မြေအတွင်း သာမက ဂျော်ဂျီယာ၊ မော်လ်ဒိုဗာနှင့် ဆီးရီးယား နိုင်ငံများသို့ စစ်လက်နက် ပစ္စည်းများ လွှဲပြောင်းပေးပို့ခြင်း သို့မဟုတ် ရောင်းချခြင်းများ ပြုလုပ်သော ကုမ္ပဏီ များကို ပိတ်ဆို့ ဒဏ်ခတ်မည် ဖြစ်ကာ၊ နယ်စပ်ဒေသများကို ဖြတ်သန်း၍ ခွဲထွက်ရေးသမားများထံသို့ စစ်လက်နက် ပစ္စည်းများရောက်ရှိ သွားမည့် အရေးကို တားဆီးရန် ရည်ရွယ်ခြင်းလည်း ဖြစ်သည်။
ရေနံဈေးနှုန်းများ ထိုးကျမှု၏ ရလဒ်တစ်ခုအဖြစ် စီးပွါးရေးပြဿနာကို ရုရှားနိုင်ငံ ရင်ဆိုင်နေရချိန်တွင် ပိတ်ဆို့ အရေးယူရေး အစီအစဉ်သစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အင်္ဂါနေ့တွင် ရူဘယ်ငွေတန်ဖိုးမှာ မကြုံစဖူး ထိုးကျသွားခဲ့ပြီး အမေရိကန် တစ်ဒေါ်လာလျှင် ရူဘယ် ၈၀ နှုန်းဖြင့် ငွေလဲလှယ်နေကြသည်။ အမေရိကန်၏ ဥရောပသမဂ္ဂ မဟာမိတ်များနှင့် ညှိနှိုင်းဆောင်ရွက်မှုမရှိဘဲ အမေရိကန် တစ်နိုင်ငံ တည်းကသာ တစ်ဖက်သတ် လှုပ်ရှား ဆောင်ရွက်နေမည်ဆိုပါက အမှားအယွင်းတစ်ခု ဖြစ်သွားနိုင်ကြောင်းလည်း အိုဘားမားက ထပ်လောင်း ပြောဆိုနေခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျန်ဆာကီ (Jen Psaki) ကလည်း ထိုကဲ့သို့သော စိုးရိမ်မှုများ အကြောင်းကိုပင် ထုတ်ဖော်ပြောဆိုခဲ့ကာ၊ ထိုဥပဒေကြမ်းထဲတွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများအား သမ္မတအိုဘားမားက အခြေအနေနှင့် လျော်ညီစွာ လျှော့ချပေးခွင့်ကိုလည်း ခွင့်ပြုထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။ “ရုရှားအနေနဲ့ ရွေးချယ်ခွင့်ရစေမယ့် အခွင့်အလမ်းမျိုးကိုလည်း ပေးထား ပါတယ်” ဟု သူမက ဆိုခဲ့သည်။ “သူတို့မှာ တခြားရွေးချယ်စရာလမ်း တစ်ခု ရှိပါတယ်။ တကယ်တော့ သူတို့မှာ တခြားရွေးစရာလမ်း အရင်ကတည်း က ရှိနေခဲ့တာပါ” ဟု သူမကပြောသည်။
“တကယ်လို့ သူတို့အနေနဲ့ မင့်စ်က် (Minsk) မြို့ သဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ရွေးချယ် လိုက်မယ်ဆိုရင် ကျွန်မတို့ ပြဌာန်းဖို့ စီစဉ်နေတဲ့ ပိတ်ဆို့အရေးယူရေး လမ်းကြောင်းကို ပြောင်းလဲသွားစေမယ့် အခွင့်အလမ်းတစ်ရပ် တကယ်ကို ရှိနေပါတယ်” ဟု သူမက ဆိုခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့က ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရည်ညွှန်း၍ ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ထိုမင့်စ်က် သဘောတူညီချက်မှာ တိုက်ခိုက်မှုများ ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ထိုဒေသတွင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အကြမ်းဖက် စစ်ပဋိပက္ခများ သိသိသာသာ ကျဆင်း သွားခဲ့ကြောင်း သတင်းများကိုမူ အမေရိကန်နိုင်ငံက ကြိုဆိုကြောင်း မစ္စဆာကီကဆိုခဲ့ပြီး ထိုအခြေ အနေမှာ “အပေါင်းလက္ခဏာ” တစ်ရပ်ဖြစ်ကြောင်း ပြောခဲသည်။

No comments:

Post a Comment

back to top