Thursday, December 18, 2014

မြန်မာ-ဂျပန် ပူးပေါင်း၍ SME ချေးငွေပေးမည်

မြန်မာ့စီးပွားရေးဘဏ်နှင့် ဂျပန်နိုင်ငံ Sumitomo Mitui Bank တို့ ပူးပေါင်းကာ အသေးစား၊ အလတ်စား လုပ်ငန်း (SME) များအတွက် အပေါင် ပစ္စည်းမလိုသော ချေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေ အာမခံစနစ်ကို ရန်ကုန်မြို့တွင် စမ်းသပ်ကျင့်သုံးလျက်ရှိပြီး ယင်းအာမခံရရှိထားသော SME လုပ်ငန်းများမှာ အပေါင်ပစ္စည်း တစ်စုံ တစ်ရာ မလိုအပ်ဘဲ လုပ်ငန်းတိုးချဲ့ရန် ချေးငွေများရရှိမည်ဖြစ်ကာ မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် ဂျပန်ဆူမာတို့ ဘဏ်တို့မှ ချေးငွေများ ထောက်ပံ့သွားမည်ဖြစ်သည်။
ချေးငွေရရှိရန် လိုအပ်သော SME များအနေဖြင့် မိမိလုပ်ငန်း အခြေအနေမှန်ကို အာမခံလျှောက်ထားစဉ် ကတည်းက ဖော်ပြဿ ချေးငွေ ရယူနိုင်မည်ဖြစ်သည်။
ယခုချေးငွေ အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် စတင်မည်ဖြစ်ပြီး ချေးငွေတစ်ခု၏ သက်တမ်းမှာ တစ်နှစ် ဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရသည် စင်ကာပး၊ ဗီယက်နမ် အစိုးရတို့နှင့် SME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီချက် များကို လက်မှတ်ရေးထိုးထားပြီဖြစ်သည်။ စင်ကာပူနှင့် ဗီယက်နမ်ထံမှ ၂၀၁၅ ခုနှစ် ဧပြီမှ စတင်ကာ အမေရိကန်ဒေါ်လာ သန်း ၃၀ နှင့် စင်ကာပူဒေါ်လာ သန်း ၂၀ ကို ထောက်ပံ့မှုရရှိမည်ဖြစ်သည်။
ဝန်ထမ်း ၃၀ မှ ၃၀၀ အထိရှိပြီး မတည်ရင်းနှီးငွေကျပ် သန်း ၅၀ မှ သန်း ၅၀၀ အထိရှိသော စီးပွားရေး လုပ်ငန်းများကို အသေးစားစီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး ကျပ်သန်းတစ်ထောင်အထိရှိသော ကုမ္ပဏီများကို အလတ်စားစီးပွားရေး လုပ်ငန်းများအဖြစ် လတ်တလော သတ်မှတ်ထားသည်။
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SMEDB မှတစ်ဆင့် ချေးငွေများ ဆက်လက်ထုတ်ဝေပေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ ၄ ရာခိုင်နှုန်းဖြစ်သည်။
မြန်မာနိုင်ငံတွင် SME လုပ်ငန်းပိုင်း တစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း SMEDB ဘဏ်၏ စစ်တမ်းများ အရသိရသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နည်းဥပဒေများ ရေးဆွဲပြီးပါက ယခု ထက်ပိုမိုများပြားလာနိုင်ကြောင်း သိရသည်။
နိုင်ငံတစ်ခု၏ စီးပွားရေး တိုးတက်မှု၏ အဓိက သော့ချက်မှာ အသေးစားနှင့် အလတ်စား SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ဘဏ်ဝန်ဆောင်မှုကောင်းမွန်ခြင်း ဖြစ်ကြောင်း ဈေးကွက်ပညာရှင်များက သုံးသပ်သည်။
အမေရိကန် စက်မှုလက်မှုလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းသည် SME များဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top