Thursday, December 18, 2014

မြန်မာနိုင်ငံမှ သဘာဝ အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက် ရေးအတွက် နိုင်ငံ တကာမှ အကူအညီ ပေးမည်

မြန်မာနိုင်ငံတွင်  စိတ်ဝင်စားဖွယ် ကောင်းသော အဖိုးတန်ရေမြေ တောတောင် သဘာဝ အမွေအနှစ် ပတ်ဝန်းကျင်နေရာများစွာ ပေါကြွယ်ဝပြီး ၎င်းတို့အား ထိန်းသိမ်း စောင့်ရှောက်ရာတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (UNESCO)နှင့် နိုင်ငံတကာ အဖွဲ့ အစည်း များမှ နေ၍ လိုအပ်သော နည်းပညာနှင့် အထောက် အပံ့များ အကူအညီ ပေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံရှိ  ဇီဝမျိုးကွဲများ ပေါကြွယ်ဝသော ရေမြေ တောတောင်များ၊ မြစ်ချောင်း အင်းအိုင်များ၊ ကမ်းနီးကမ်းဝေး ကျွန်းစုများနှင့် ကျယ်ပြော လှသော မြန်မာ့ ပင်လယ်ပြင်တို့သည် နိုင်ငံတကာမှ သဘာဝ အမွေအနှစ် ချစ်မြတ်နိုးသူများ၊ သိပ္ပံပညာ ရှင်များနှင့် ကမ္ဘာလှည့် ခရီးသွားများ အပေါ် များစွာ စွဲဆောင်မှု ရှိကြောင်းတွေ့ရပြီး အထူးသဖြင့် နတ်မတောင် အမျိုးသား ဥယျာဉ်၊ ဟူးကောင်း တောင်ကြား ကျားထိန်းသိမ်းရေး စခန်း၊ မြိတ်ကျွန်းစုရှိ ငှက်သိုက်ကျွန်းများနှင့် ဧရာဝတီ မြစ်ကြောင်းရှိ လင်းပိုင်များ ကျက်စားရာနေရာ စသည့်ဒေသများကို နိုင်ငံခြားသားများက အထူးစိတ် ဝင်စားကြသည်။
၎င်းဒေသများအား  ထိန်းသိမ်း စောင့်ရှောက်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင် ရွက်မှုသည် အရေးကြီးကြောင်းနှင့် (UNESCO) မှလည်း လိုအပ် သော နည်းပညာနှင့် အထောက်အပံ့များ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ချက် တစ်ရပ်တွင် ဖော်ပြထားသည်။ ယင်းကြေညာချက်တွင် မြန်မာနိုင်ငံသည် ရေမြေဇီဝ မျိုးကွဲများစွာ ပေါများကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်ပြီး အရေးပါသော ဂေဟစနစ်များ၊ ဇီဝဖြစ်စဉ် များနှင့် ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ သဘာဝ အနေအထားများကို ပိုင်ဆိုင် ထားကြောင်းကိုလည်း အသိအမှတ် ပြုဖော်ပြထားသည်။
နော်ဝေနိုင်ငံမှ အထောက်အပံ့ပေး ဆောင်ရွက်လျက်ရှိသော ''သဘာဝ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး'' စီမံကိန်းကလည်း မြန်မာနိုင်ငံရှိ အနာဂတ်တွင် ကမ္ဘာ့ အမွေအနှစ် ဖြစ်လာနိုင်သော သဘာဝ ပတ်ဝန်းကျင် နေရာများကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် မြန်မာ အစိုးရအား ထောက်ခံအားပေး ကူညီသွားမည်ဟု သိရသည်။


No comments:

Post a Comment

back to top