Thursday, December 18, 2014

ဗန်ဂါးလ်၊ ဗန်ပါစီနှင့် ရော်ဘင်တို့ နယ်သာလန် တစ်နှစ်တာ အကောင်းဆုံး အားကစား ဆုများ အသီးသီး ရရှိ

မန်ယူနည်းပြ ဗန်ဂါးလ်သည် ပြီးခဲ့သည့် ကမ္ဘာ့ဖလားတွင် နယ်သာလန်အသင်းကို  ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့မှုကြောင့် နယ်သာလန် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုရခဲ့သလို မန်ယူမှ နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီမှာလည်း စပိန်နှင့်ပွဲ ခေါင်းတိုက်ဂိုးကြောင့် တစ်နှစ်တာ အကောင်းဆုံး အားကစားပွဲ အခိုက်အတန့်ဆုနှင့် ဘိုင်ယန်မှ တောင်ပံတိုက်စစ်မှူး ရော်ဘင်မှာ တစ်နှစ်တာ အကောင်းဆုံး အားကစား သမားဆုများကို အသီးသီးရရှိခဲ့သည်။


နည်းပြဗန်ဂါလ်းမှာ နယ်သာလန် လက်ရွေးစင်အသင်းကို ၂၀၀၀-၀၂ ကာလတွင် ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား တွင်လည်း အသင်းကို တစ်ကျော့ပြန် ကိုင်တွယ်ကာ ဆီမီးဖိုင်နယ်သို့ ပို့ဆောင်နိုင်မှုကြောင့် နယ်သာလန် အကောင်းဆုံးနည်းပြဆု ရရှိခဲ့ခြင်း ဖြစ်သည်။ ဗန်ပါစီမှာ စပိန်ကို နယ်သာလန်က အုပ်စု တွင်း၌ ၅-၁ ဂိုးပြတ်ဖြင့် နိုင်ခဲ့သည့်ပွဲတွင် ဒိုင်ဗင်ထိုး ခေါင်းတိုက် သွင်းခဲ့သည့် ဂိုးကြောင့် ပရိသတ်များ စွဲမက်ခဲ့ကာ ကမ္ဘာ့ဖလားတွင် အကောင်းဆုံး ဂိုးတစ်ခု ဖြစ်ခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး အားကစား အခိုက်အတန့်ကာလဆုကို ရခဲ့ခြင်း ဖြစ်သည်။
ဆုပေးပွဲသို့ ဗန်ဂါးလ်နှင့် ဗန်ပါစီတို့ ကိုယ်တိုင် တက်ယူခဲ့သော်လည်း ဘိုင်ယန်မှ ရော်ဘင်မှာမူ အဝေးရောက်နေခဲ့ပြီး ရုပ်သံမှ တိုက်ရိုက်ဆက်သွယ်ကာ အခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ နယ်သာလန် တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး အားကစားမယ်ဆုကို စကိတ်ချန်ပီယံ အိုင်ရင်းဝက်စ်ကရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံး လူငယ် အားကစား သမားဆုကို ဖော်မြူလာဝမ်း ကားမောင်းသမား မက်စ်ဗာစတတ်ပန်က ရရှိခဲ့သည်။



No comments:

Post a Comment

back to top