ဖော်မြူလာဝမ်း ဆုပေးပွဲ အခမ်းအနားကို ဒိုဟာမြို့မှာ ကျင်းပ
(၂၀၁၄)ခုနှစ် ဖော်မြူလာဝမ်း ဆုပေးပွဲ အခမ်းအနားကို FIA ခေါ် နိုင်ငံတကာ အော်တိုမိုဘိုင်းအဖွဲ့ချုပ်က ကာတာနိုင်ငံ ဒိုဟာမြို့မှာ သောကြာနေ့က ကျင်းပပါတယ်။
(၂၀၁၄)ခုနှစ်ရဲ့ ကမ္ဘာ့ချန်ပီယံဆုကို ဗြိတိန်နိုင်ငံသား လူးဝစ်ဟာမီလ်တန်က ရသွားပါတယ်။ ဟာမီလ်တန်အနေနဲ့ ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို (၂၀၀၈)ခုနှစ်မှာ ပထမဆုံးအကြိမ် ရခဲ့ပြီး အခု(၆)နှစ်အကြာမှာ ဒုတိယအကြိမ် ရယူနိုင်တာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ကားတည်ဆောက်သူ ဆုကိုတော့ တိုတိုဝုဖ်အသင်းက ရသွားပါတယ်။ ဖော်မြူလာဝမ်း ချန်ပီယံ ဟာမီလ်တန်က "ကျွန်တော့်အတွက်တော့ မယုံကြည်နိုင်စရာ အခါသမယပါပဲ။ အခုလို ဒီနေရာမှာ ရှိနေရတဲ့အတွက် ကျွန်တော်အရမ်းကို ဂုဏ်ယူမိပါတယ်"လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။ အဲဒီပရိသတ်တွေထဲမှာ သူ့မိခင်လည်း ရှိနေပါတယ်။ ရယ်လီကားမောင်းပြိုင်ပွဲရဲ့ ကမ္ဘာ့ချန်ပီယံဆုကိုတော့ ပြင်သစ်ဒရိုင်ဗာ ဆီဘက်တီယန်အိုဂီယာက ရသွား ပါတယ်။ သူက ဗောက်ဝက်ဂွန်းကားနဲ့အတူ (၂)နှစ်ဆက် အောင်ပွဲခံသွားတာ ဖြစ်ပါတယ်။ ခရီးကြမ်း ကားမောင်း ပြိုင်ပွဲရဲ့ ကမ္ဘာ့ချန်ပီယံဆုကိုတော့ ဗြိတိန်နိုင်ငံသား အန်ထော်နီဒေးဗစ်ဆင်နဲ့ ဆွစ်ဇာလန်နိုင်ငံသား ဆီဘက်တီယန်ဘူနီတို့ အတွဲက ရသွားပါတယ်။
No comments:
Post a Comment