Thursday, December 4, 2014

ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်း အဖြစ် နယူးဇီလန် အခြေစိုက် Air New Zealand သတ်မှတ်ခံရ

နယူးဇီလန်အခြေစိုက် နိုင်ငံတကာ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Air New Zealand လေကြောင်း လိုင်းသည် လေကြောင်းလိုင်းများ အဆင့်သတ်မှတ်သည့် သြစတြေးလျအခြေစိုက် ဝက်ဘ်ဆိုက်  AirlineRatings.com တွင် ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး လေကြောင်းလိုင်းအဖြစ် အမှတ်ပေး ခံထားရသည်။
ယင်းလေကြောင်းလိုင်း၏ အသွင်ဆန်းသော ဝန်ဆောင်မှုများနှင့်အတူ ၂၀၁၅ ထိပ်တန်း လေကြောင်း လိုင်းဆယ်ခု စာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်နေခြင်းဖြစ်သည်။ ယင်းသို့ဖော်ပြ သတ်မှတ်ခံရခြင်းသည် အဲယားနယူးဇီလန် လေကြောင်းလိုင်းအတွက် ဒုတိယအကြိမ်မြောက် လည်းဖြစ်သည်။
လေကြောင်းလိုင်း၏ တီထွင်ဆန်းသစ်မှုများ၊ ဘဏ္ဍာရေး စံချိန်တင်မှုနှင့် ဝန်ထမ်းများကို စေ့ဆော်နိုင်မှုနှင့် စိတ်ချလုံခြုံမှုတို့တွင် စံအမှတ်များ ရရှိခဲ့ခြင်း ဖြစ်သည်။ သက်တမ်းအားဖြင့် ၇၅ နှစ်သာ ရှိသေးသည့် ယင်းလေကြောင်းလိုင်းသည် နည်းပညာပိုင်းကို အားပေး မြှင့်တင်မှုနှင့် ပတ်ဝန်းကျင် ရေးရာတို့တွင်လည်း အာရုံစိုက်မှုတို့ကြောင့် ဂုဏ်ပြုခံရသည်။ ထို့ပြင်လေကြောင်းလိုင်းများတွင် အကောင်းဆုံး စီးပွားရေး အဆင့်ဆုကို ပေးအပ်ခံရသည်။
ယင်းအခြေအနေသို့  ရောက်ရှိလာခြင်းသည် ဝန်ထမ်း ၁၁၀၀၀ ကျော်၏ စွမ်းဆောင်ချက်များ ကြောင့်သာ ဖြစ်ကြောင်း Air New Zealand လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် ခရစ္စတိုဖာလုဆွန်က ပြောခဲ့သည်။ Air New Zealand လေကြောင်း လိုင်းသည် အာရှ၊ ဥရောပ၊ မြောက်အမေရိကနှင့် သမုဒ္ဒရာ ပိုင်းဇုန်တို့တွင် လေကြောင်းခရီးစဉ်များ ပျံသန်းပေးလျက်ရှိသည့် လေကြောင်းလိုင်းဖြစ်သည်။ ဒေသတွင်း ခရီးစဉ် ၂၅ ခုနှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၂၆ ခုတို့ကို ပြေးဆွဲပေးလျက်ရှိသည်။
ယင်းလေကြောင်းလိုင်းသည် ခရီးရှည်ပျံသန်းမှုများအတွက် ဘိုရင်း ၇၇၇ လေယာဉ်များဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပြီး ပြည်ပပျံသန်းမှု ခရီးတိုများအတွက်  Airbus A320 လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲ ပေးသည်။ ပြည်တွင်းခရီးစဉ်များအတွက် ဘိုရင်း ၇၃၇-၃၀၀ လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲ ပေးနေ သည်။
လေကြောင်းလိုင်းများ ဆုရွေးချယ် အဆင့်သတ်မှတ် မှုတွင် Qantas လေကြောင်းလိုင်းက အကောင်းဆုံး ပြည်တွင်း ပျံသန်းမှု၊ အကောင်းဆုံး အစားအစာ တည်ခင်းမှုနှင့် အကောင်းဆုံး အချိန်ချထားမှုတို့ အတွက် အသိအမှတ်ပြုခံရသည်။ Etihad လေကြောင်းလိုင်း ကအကောင်းဆုံး ပထမတန်းဆုနှင့် Cathay Pacific လေကြောင်းလိုင်းက အကောင်းဆုံး စီးပွားရေး အဆင့် ဆုတို့ ကိုလည်း ရွေးချယ်ခံရသည်။ 
AirlineRatings.com တွင် အဆင့်သတ်မှတ်ဖော်ပြသည့် ၂၀၁၅ခုနှစ်အတွက် လေကြောင်းလိုင်း ဆယ်ခုမှာAir New Zealand၊ Etihad၊ Cathay Pacific၊ Qantas၊ Emirates၊ Singapore Airlines၊ EVA Air၊ Lufthansa၊ All Nippon Airways၊ British Airways တို့ ဖြစ်သည်။

No comments:

Post a Comment

back to top