ယာဉ်ကြော ကျပ်တည်းမှု ဖြေရှင်းနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျမယ့် မီးပွိုင့် ၇၅ ခု တပ်ဆင် မည်
ယာဉ်ကြော ကျပ်တည်းမှုကို သုံးလမှခြောက်လအတွင်း သိသိသာသာ ဖြေရှင်းနိုင်ဖို့အတွက် ရန်ကုန်မြို့ရှိ အဓိကလမ်းတွေမှာ အမေရိ ကန် ဒေါ်လာ သန်း ၂၀ ကုန်ကျနိုင်မယ့် မီးပွိုင့် ၇၅ ခုကို မဖြစ်မနေ တပ်ဆင်သွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း သိရသည်။
“ရန်ကုန်တစ်မြို့လုံးကို မီးပွိုင့် ၇၅ ခု မဖြစ်ဖြစ်အောင် တပ်ရမယ်။မူလက မီးပွိုင့်တစ်ခုချင်းကို ယာဉ်ထိန်းက ထိန်းချုပ်တော့ ကိုယ့်ပွိုင့် ကျပ်တာ ကိုပဲ ကြည့်တယ်။ တစ်မြို့လုံးကို ခြုံမကြည့်နိုင်တော့လို့ မကျပ်သင့်ဘဲ ကျပ်ကုန်တယ်။ အခုအဲဒါတွေဖြုတ်ပြီး အဆင့်မြင့် အော်တိုမီးပွိုင့်တွေ တပ်မယ်”လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မီးပွိုင့်တွေကို တပ်ဆင်ရာမှာ ပထမဦးစွာ မီးပွိုင့် ၁၀ ခုကို ကမ္ဘာအေး စေတီလမ်းနဲ့ ပါရမီလမ်းဆုံမီးပွိုင့် (ချော်တွင်းကုန်းလမ်းဆုံ)ကို ဗဟိုပြုပြီး ကမ္ဘာအေးစေတီလမ်းပေါ်ရှိ န၀ဒေးလမ်းဆုံ၊ ဂန္ဓာမာလမ်းဆုံ၊ အင်လျားလိတ်ဟိုတယ် အ၀င်လမ်းဆုံ၊ သစ္စာလမ်းဆုံ၊ စက်မှု(၁)လမ်းဆုံတို့ ပါဝင်တဲ့ မီးပွိုင့်ခြောက်ခုနဲ့ ပါရမီလမ်းပေါ်မှာ ပြည်လမ်းဆုံ၊ ဦးထွန်းငြိမ်းလမ်းဆုံနဲ့ နှင်းဆီလမ်းဆုံ၊ ဝေဇယန္တာလမ်းဆုံတို့ ပါဝင်တဲ့ မီးပွိုင့်(၄)ခု စုစုပေါင်း(၁၀)ခုကို နိုဝင်ဘာလကုန်မှာ တပ်ဆင်သွားမှာဖြစ်ပြီး ကျန်မီးပွိုင့် ၆၅ ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တပ်ဆင်မယ့် နေရာတွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရန်ကုန်မြို့တွင်း မီးပွိုင့်အရေအတွက် ၁၆၉ ခု ရှိပြီး မီးပွိုင့်၂၀၀ အထိ တပ်ဆင်သွားဖို့ လျာထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
No comments:
Post a Comment