Monday, November 24, 2014

စစ်တပ်က ပါတီထူထောင်ပြီး ရွေးကောက်ပွဲ ၀င်ရန်မရှိဟု ထိုင်းဝန်ကြီးချုပ် ပြောကြား


ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မိမိ၏အစိုးရအဖွဲ့သည် ရာနှုန်းပြည့် ဒီမိုကရေစီအစိုးရ မဟုတ်သော်လည်း အာဏာရှင် အစိုးရ မဟုတ် ကြောင်းနှင့် မိမိတို့အနေဖြင့် စစ်တပ်လိုလားသည့် နိုင်ငံရေးပါတီတစ်ရပ် ထူထောင်ရန် အစီအစဉ်မရှိကြောင်း နိုဝင်ဘာ ၂၂ ရက်က ပြောကြား လိုက်သည်။
“ကျွန်တော် အမှားအယွင်း တစ်စုံတစ်ရာလုပ်ခဲ့သလား။ထိခိုက်နစ်နာအောင် ကျွန်တော်လုပ်မိသလား။ ကျွန်တော်တို့ အာဏာသိမ်းတဲ့ အချိန်တုန်းက အခြေအနေကရော ဆိုးမနေခဲ့ဘူးလား" ဟု ပရာယွတ်က ပြောကြားခဲ့သည်။
“ကျွန်တော်က ရာနှုန်းပြည့်ဒီမိုကရက်တစ်ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ ရာနှုန်းပြည့်ဒီမိုကရက်လို့ ဆိုခဲ့တဲ့ သူတွေကရော နိုင်ငံအတွက် ဘာတွေ ကောင်းခဲ့ သလဲလို့ မေးချင်တယ်။ ကျွန်တော့်ကို ဖြေကြပါ"ဟု ၎င်းကပြောသည်။ အမျိုးသားပြုပြင်ပြောင်း လဲရေး ဆောင် ရွက်နေသော အစိုးရ အဖွဲ့၏ လုပ်ငန်းစဉ်များကို နှောင့်ယှက်ခြင်း မပြုရန်လည်း ပရာယွတ်က အာဏာသိမ်း ဆန့်ကျင်သော လှုပ်ရှာတက်ကြွ သူများကို တိုက်တွန်း ခဲ့သည်။
“ဘယ်ပြသနာမဆို နားထောင်ပေးဖို့ ကျွန်တော်အသင့်ပဲ။ သူတို့ကျွန်တော့်ကို ပြောပြသင့်တယ်။ဒါပေမဲ့ အခုအချိန်မှာ ဒီမိုကရေစီ ဒါမှမဟုတ် ရွေးကောက်ပွဲ တစ်ခု လုပ်ပေးဖို့ မတောင်းဆိုပါနဲ့။ မပေးနိုင်သေး ပါဘူး" ဟု ၎င်းကဆိုသည်။
နိုဝင်ဘာ ၁၉ ရက်က နိုင်ငံ၏အရှေ့မြောက်ပိုင်းသို့ ပထမဆုံးခရီးထွက်ကာ ခွန်ကာအင်း ပြည်နယ်ခန်းမ၌ မိန့်ခွန်းပြောစဉ် ကျောင်းသား ငါးဦးက ၎င်းအား ဆန့်ကျင်ဆန္ဒပြခဲ့ပြီးနောက် ၀န်ကြီးချုပ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။ ခွန်ကာအင်းတက္ကသိုလ်မှ အဆိုပါကျောင်းသား များသည် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သဘော သက်ရောက်သော လက်သုံးချောင်းထောင်ကာ ၀န်ကြီးချုပ်ကို အလေးပြုခဲ့ခြင်း ဖြစ်သည်။ စစ်ဘက်အာဏာပိုင်များနှင့် ကျောင်းသား မိဘများတွေ့ဆုံပြီးနောက် ကျောင်းသားများကို လွှတ်ပေးခဲ့သည်။ "ကျွန်တော်သူတို့ကို အပြစ်မပေးချင် ပါဘူး။ ပြင်းထန်တဲ့ သတိပေးမှုတွေလုပ်ပြီး လွှတ်ပေး ခဲ့တယ်။ နောက်ပြီးနောက် တစ်ကြိမ် ဒီလိုမလုပ်ဖို့လည်းပြောခဲ့ တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိလို့ပဲ" ဟု ပရာယွတ်ကပြော ကြားခဲ့ကာ ကျောင်းသားများ၏ သတ္တိကို ပရာယွတ်က ချီးကြူးခဲ့သည်။
ထို့အပြင် လက်ရှိအခြေအနေ၌ အကန့်အသတ်မရှိ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးပြုခြင်းသည် နိုင်ငံအတွက် အကောင်း ထက် အဆိုးကိုသာ ပို၍ဖြစ်စေနိုင်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

No comments:

Post a Comment

back to top