Monday, November 17, 2014

အထပ်မြင့် အဆောက်အအုံတွေကို ကားပါကင် မပါဝင်က တည်ဆောက် ခွင့်မပြုတော့

အထပ်မြင့် အဆောက်အအုံတွေ တည်ဆောက်မယ်ဆိုရင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှစ်ထပ်နဲ့ အထက် အဆောက်အအုံတွေမှာ ကားထားရှိဖို့ ပါကင်နေရာကိုပါ ထည့်သွင်း တည်ဆောက်ရမှာဖြစ်ပြီး ကားပါကင်နေရာ ထည့်သွင်း တည်ဆောက်ခြင်း မရှိရင် တည်ဆောက်ခွင့်၊ ခွင့်မပြုပေး တော့ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ အသုံးပြုနေတဲ့ ကားအစီးရေဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ ရှစ်ဆယ်ရာခိုင်နှုန်း နီးပါးဖြစ်တဲ့ အစီးရေ လေးသိန်းကျော် ရှိနေပေမယ့် ရန်ကုန်မြို့ရဲ့ လူနေမှုစနစ်အရ လူနေတိုက်ခန်းများမှာ နေထိုင်သူအများစုအတွက် ကားပါကင်မရှိဘဲ သင့်တော်ရာ နေရာတွေမှာ ရပ်နားနေကြခြင်းကြောင့် ဖြစ်သည်။

ယခုနောက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ ဗဟိုချက်ချာဖြစ်တဲ့ DOWN TOWN AREA တွေနဲ့၊ အဲ့ဒီဧရိယာတွေနဲ့ နီးစပ်ရာ လူနေရပ်ကွက်တွေမှာ အထပ်မြင့်၊ ရှစ်ထပ်နဲ့ အထက် အဆောက်အအုံတွေ တည်ဆောက်မှု အနေနဲ့ များလာပေမယ့် ရေစနစ်၊ မီးစနစ်၊ ကားပါကင်တွေ အပါအ၀င် အထပ်မြင့်အဆောက်အအုံမှာ ပါဝင်ရမယ့် သတ်မှတ်ချက်တွေကတော့ ကိုက်ညီမှု နည်းလာတာကို တွေ့ရတယ်လို့ အိမ်မြေကျွမ်းကျင်သူ တွေက ပြောပါတယ်။
 ယခုနောက်ပိုင်း အထပ်မြင့်တိုက်ခန်း တည်ဆောက်မှုတွေမှာ ကိုယ်ပိုင်မြေနေရာနဲ့ ကားပါကင် ပြုလုပ်ထားတာ မဟုတ်ဘဲ အများပိုင် မြေနေရာ တွေပေါ်မှာ မည်သည့်ကားမျှမရပ်ရ၊ ဤအဆောက်အအုံမှ ယာဉ်များသာစတဲ့ ဆိုင်းဘုတ်တိုင်များချပြီး နေရာသတ်မှတ်တာမျိုးဟာလည်း တရား မ၀င်ဘူးလို့ သိရပါတယ်။ အများပိုင် မြေနေရာမှာ မိမိအိမ်ရှေ့၊ ဆိုင်ရှေ့၊ ရုံးခန်းရှေ့ ဖြစ်နေစေကာမူ၊ ပြင်ပကယာဉ်တွေ လာရောက် မရပ်နား စေရန် ဆိုင်းဘုတ်တွေ၊ ပန်းအိုး၊ တာယာခွေ၊ အ၀တ်လှန်းစင်နဲ့ အခြားအရာတွေ ပိတ်ဆို့ကာဆီးထားတယ်ဆိုရင် စည်ပင် သာယာ ဥပဒေအရ အရေးယူနိုင်ကြောင်း သိရပါသည်။ ရန်ကုန်မြို့မှာ တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာတဲ့ ကားတွေနဲ့ ကားထားရှိဖို့ ကားပါကင်က အချိုးမမျှတတဲ့အတွက် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုတွေ ဖြစ်ပေါ်လာရပြီး ယာဉ်ကြောကျပ်တည်းတာတွေနဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ဖြစ်ပေါ်နေရတဲ့အတွက် ရှစ်ထပ်နဲ့ အထက်အမြင့် အဆောက်အအုံတွေမှာ အခန်းတစ်ခန်းကို ကားတစ်စီးနှုန်းနဲ့ တွက်ချက်ပြီး ကားပါကင် မပါမနေရ ထည့်သွင်း တည်ဆောက်ဖို့ သတ်မှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top