Wednesday, November 26, 2014

ကျန်းမာရေးအာမခံ အမြန်ဝန်ဆောင်မှုပေးရန် သမ္မတတိုက်တွန်း၍ ၂၀၁၅ စတင်မည်

အများပြည်သူအတွက် လိုအပ်နေသော ကျန်းမာရေး အာမခံကို နိုင်ငံတော်သမ္မတက အမြန်ဆုံး အကောင် အထည်ဖော်ရန် တိုက်တွန်းသဖြင့် ၂၀၁၅ နှစ်ဆန်းတွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။
‘‘ဒီအာမခံကရှုပ်ထွေးတယ်။ နိုင်ငံတကာမှာလည်း မအောင်မြင်မှုတွေလည်းရှိတယ်’’ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။လက်ရှိ ကျန်းမာရေး အာမခံကို ပြည်တွင်းမှ အာမခံကုမ္ပဏီ များနှင့်သာ စတင်မည်ဖြစ်ပြီး ရန်ကုန်နှင့်မန္တလေးမြို့နှစ်မြို့တွင် စမ်းသပ်လုပ်ကိုင်ပြီးမှ တစ်နိုင်ငံလုံးသို့ ဆက်လက် လုပ်ကိုင်မည် ဖြစ်ကြောင်း ဒေါက်တာမောင် မောင်သိမ်းကပြောကြားသည်။
ဆေးကုသစရိတ်  ကြီးမားသော နိုင်ငံတစ်ခုတွင် ကျန်းမာရေးအာမခံစနစ်သည် အထူးလိုအပ်နေပြီး ရုတ်တရက်ထိခိုက် ဒဏ်ရာရသူများအတွက် များစွာ အသုံးတည့်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောကြားသည်။
ကျန်းမာရေးအာမခံကို အကောင်အထည်ဖော်ရာတွင် အာမခံကုမ္ပဏီများကို စုပေါင်းပြီး အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ကဦးစီးလုပ်ကိုင်မည်ဖြစ်သည်။ အချို့နိုင်ငံများကဲ့သို့ ကုမ္ပဏီတစ် ခုချင်းစီအလိုက် အာမခံ ရောင်းချပါက လုပ်ငန်းမအောင်မြင်မည် ကို စိုးရိမ်သောကြောင့်ဟု ၎င်းက ပြောကြားသည်။
ကျန်းမာရေးအာမခံကို ရောင်းချရာတွင် ပရီမီယံကြေး တစ်နှစ်လျှင် ကျပ်ငါးသောင်းမှ ခုနစ်သောင်းကြား သတ်မှတ်ရန် ပုဂ္ဂလိက အာမခံကုမ္ပဏီများက အဆိုပြုထားကြောင်း အာမခံကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးသောင်းဟန်က ပြောကြားသည်။
ပရီမီယံနှုန်းထားသတ်မှတ်ရာတွင် အသက်အရွယ်အလိုက် ကွာခြားနိုင်ပြီး ငယ်ရွယ်သူများမှာ  ပရီမီယံကြေး လျော့နည်း၍ အသက်ကြီးသူများမှာ ပရီမီယံကြေးပိုများနိုင်ကြောင်း ၎င်းကဆက် လက်ပြောကြားသည်။

No comments:

Post a Comment

back to top