Wednesday, November 26, 2014

ရထားပြေးဆွဲခြင်းတွင် ပုဂ္ဂလိက စတင်လုပ်ကိုင်ခွင့်ပြု

ရထားပို့ဆောင်ရေး ခရီးစဉ်နှစ်ခုတွင် ပုဂ္ဂလိကကုမ္ပဏီနှစ်ခု  ပထမဆုံးအကြိမ် ဝင်ရောက်ပြေးဆွဲခွင့် ရတော့မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။ မန္တလေး-မြစ်ကြီးနားရထား ပြေးဆွဲမှု နှင့်ပုဂံ-ကျောက်ပန်းတောင်း ရေနွေးငွေ့စက်ခေါင်း အထူးရထား ပြေးဆွဲမှုကို ပုဂ္ဂလိက၀င်ရောက်လုပ်ကိုင်ရန် မြန်မာ့မီးရထားက ယခုနှစ်လယ်၌ ဖိတ်ခေါ်ခဲ့ပြီး ယခုအခါ အကျိုးတူလုပ်ကိုင်မည့် ကုမ္ပဏီနှစ်ခု ရွေးချယ် ခဲ့ခြင်းဖြစ် သည်။
‘လမ်းပိုင်း နှစ်ခုစလုံးအ တွက်လုပ်မယ့် ကုမ္ပဏီတွေကို ရွေးထားပြီးပြီ။ ပုဂံခရီးစဉ်လမ်းပိုင်းအတွက်က ကုမ္ပဏီနဲ့ နောက်ဆုံးအဆင့် စာချုပ်ချုပ် လက်မှတ်ထိုးပြီးသွားပြီ။ မြစ်ကြီးနားရထား အတွက်ကတော့ စာချုပ်မကြာခင်ချုပ်သွားဖို့ စီစဉ်နေတယ်’’ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ သွားလာရေးဌာနမှ တာဝန် ရှိသူတစ်ဦးကပြောသည်။
မန္တလေး - မြစ်ကြီးနားအမှတ် ၃၇/၃၈ အစုန်အဆန်ရထားနှစ်စင်းပြေးဆွဲမှုလုပ်ငန်းအတွက် ကချင်အများပိုင် ကုမ္ပဏီက ရရှိခဲ့ခြင်းဖြစ်သည်။ပုဂံ - ကျောက်ပန်းတောင်း ခရီးစဉ် ရေနွေးငွေ့စက်ခေါင်းသုံး အထူးရထား ပြေးဆွဲခြင်းလုပ်ငန်း အတွက် မင်္ဂလာရှုခင်းကုမ္ပဏီကရရှိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ပုဂ္ဂလိကမှ ပြေးဆွဲလုပ်ကိုင်ခွင့်ပေးခြင်းမှာ မြန်မာ့မီးရထားသမိုင်းတွင် ပထမဆုံးခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ခရီးသည်များသွားလာမှုကို ပိုမိုအဆင်ပြေစေရန်နှင့် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့်လုပ် ကိုင်ခွင့်ပေးခြင်းဖြစ်သည်ဟု မြန်မာ့မီးရထား တာဝန် ရှိသူကပြောသည်။
မန္တလေး-မြစ်ကြီးနားရထား လမ်းပိုင်းအတွက် အသွားအပြန် တစ်ခေါက်လျှင် မြန်မာ့မီးရထားက ကျပ် ၆၉သိန်း ရရှိမည်ဖြစ်ပြီး ရထားလက်မှတ်ခကို လက်ရှိဈေး နှုန်း၏ ၁၀ရာခိုင်နှုန်းကိုသာ တိုးမြှင့်ကောက်ယူရန် ခွင့်ပြုထားသည်။ ရထားလက်မှတ်ရောင်းချ မှု၊ ရထားသန့်ရှင်းရေးကိစ္စနှင့် အခြား ၀န်ဆောင်မှုများအတွက် ကုမ္ပဏီက လုပ်ဆောင်သွားမည် ဖြစ်ပြီး စက်ခေါင်းမောင်းနှင့် ဂါတ်ဗိုလ်ကို မြန်မာ့မီးရထားက ဆက်လက် တာဝန်ယူ ထားရှိပေးသွား မည်ဖြစ်သည်။
‘‘အားလုံးတော့အဆင်သင့်ဖြစ်နေပြီ။ စာချုပ်ချုပ်ပြီးတာနဲ့ အမြန်ဆုံးသူတို့ စလုပ်နိုင်တော့မှာပါ။ စာချုပ်ချုပ်ဖို့ ကြာတယ်ဆိုတာကလည်း ဥပဒေအကြံပြုချက်တွေကို ရှေ့နေချုပ်ရုံးတင်ရတာနဲ့ နိုင်ငံတော်အဆင့် တင်ပြရတာတွေကြောင့် အချိန်ယူနေရတဲ့အ တွက်ကြောင့်ပါ’’ဟု အဆိုပါ လမ်းပိုင်းနှင့်ပတ်သက်၍ တာဝန် ရှိသူကပြောသည်။
ပုဂံ - ကျောက်ပန်းတောင်း ရေနွေးငွေ့စက်ခေါင်းသုံးအထူးရထားမှာ နောက်ဆုံးအဆင့်သ ဘောတူညီချက် စာချုပ်ချုပ်ဆိုပြီးဖြစ်၍ မကြာမီစတင်ပြေးဆွဲ နိုင်တော့မည်ဖြစ်သည်။ ယင်းရထားမှာ ကမ္ဘာလှည့်ခရီးသွားများ အတွက် အဓိကထားရည်ရွယ် ပြေးဆွဲခြင်းဖြစ်၍ အစုအဖွဲ့လိုက်စင်းလုံးငှား စနစ်ဖြင့်သာ ပြေးဆွဲပေးဖွယ် ရှိနေသည်။ အဆိုပါ ရထားပြေးဆွဲနိုင်ရန်  ဇွန်လပိုင်းက စ၍အသုံးပြုမည့် ရေနွေးငွေ့စက်ခေါင်းအား ပြန်လည်မွမ်းမံခြင်း၊ စမ်းသပ် ပြေးဆွဲခြင်းများ ပြုလုပ်ထားသည်။
မြန်မာ့မီးရထားအနေဖြင့်အ စိုးရသစ်လက်ထက်တွင် ရထားပို့ဆောင်ရေးကဏ္ဍ၌ ပုဂ္ဂလိက ၀င်ရောက် လုပ်ကိုင်နိုင်ရေးဖိတ်ခေါ်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။ ၂၀၁၁ခုနှစ်ကလည်း ရန်ကုန်မြို့ပတ်ရထား ပြေးဆွဲမှုနှ့င်ပတ်သက်၍ ပုဂ္ဂလိကသို့ ဖိတ်ခေါ်ခဲ့သေးသော်လည်း စီမံကိန်းပမာဏ ကြီးမား၍ လုပ်ကိုင်သူ မရှိသောကြောင့် အစီအစဉ် ရပ်ဆိုင်းခဲ့ရသည်။

No comments:

Post a Comment

back to top