Tuesday, November 25, 2014

မြန်မာ-ဂျပန် သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါး ထုတ်ဝေမည်

မန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံကြားတွင် သံတမန် ဆက်ဆံရေး တည်ဆောက်ခဲ့မှု နှစ် (၆၀) ပြည့် မြောက်ခြင်း အထိမ်းအမှတ် ငွေဒင်္ဂါး ထုတ်ဝေသွား မည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာနထံသို့ မြန်မာ-ဂျပန် သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ် တံဆိပ်ပြုလုပ်ပေးရန် ပန်ကြားခဲ့ပြီး ရန်ကုန်မြို့ရှိ အမျိုးသား အနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်သည် အထိမ်းအမှတ် တံဆိပ်အဖြစ် ရွေးချယ်ရန် ပြိုင်ပွဲတစ်ရပ် ကျင်းပခဲ့သည်။ ထိုပြိုင်ပွဲတွင် ရန်ကုန်အမျိုးသား အနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ် ကျောင်းသား ၁၄ ဦး၏ ပြိုင်ပွဲဝင် အမှတ် တံဆိပ် ၄၈ ခု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မောင်ကိုကို ဖန်တီးထားသော အထိမ်းအမှတ် တံဆိပ်ကို မြန်မာ-ဂျပန် သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် (၆၀) ပြည့် အထိမ်းအမှတ်တံဆိပ်အဖြစ် ရွေးချယ်ခဲ့ပြီး မျက်နှာစာ တစ်ဖက်တွင် မြန်မာနိုင်ငံ၏ သမိုင်းဝင် ယဉ်ကျေးမှုနယ်မြေဖြစ်သော ပုဂံ ဒေသ၏ ပုံပါဝင်ပြီး အခြားတစ်ဖက်တွင် ပိတောက်ပန်းနှင့် ချယ်ရီပန်းထား ထည့်သွင်းထားသော အဆိုပါအထိမ်း အမှတ်တံဆိပ်ကို ယခု သွန်းလုပ်မည့် ငွေဒင်္ဂါးတွင် အသုံးပြုသွားမည်ဟု သိရသည်။
ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဂျပန်ငွေဒင်္ဂါးထုတ်လုပ်ရေးဌာနတို့သည် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ပူးပေါင်းကာ မြန်မာ-ဂျပန် သံတမန် ဆက်ဆံရေး ထူထောင်မှုနှစ် (၆၀) ပြည့် အထိမ်းအမှတ် ငွေဒင်္ဂါးကို သွန်းလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကလည်း ဂျပန်ငွေဒင်္ဂါး ထုတ်လုပ်ရေးဌာနထံသို့ သွန်းလုပ်မည့် ငွေဒင်္ဂါးများ ပေးပို့ရန် အမှာစာပို့ထားသည်ဟု သိရသည်။ သွန်းလုပ်မည့် ငွေဒင်္ဂါးများထဲမှ အချို့ကို မြန်မာ နိုင်ငံဗဟိုဘဏ်သို့ ပေးပို့မည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင်လည်း ရောင်းချသွားမည်ဟု ဆိုသည်။ သွန်းလုပ်မည့် ငွေဒင်္ဂါးများမှာ ငါးထောင် ကျပ် တန်ဖိုးနှင့် ညီမျှမည်ဟုသိရသည်။
မြန်မာ-ဂျပန် သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေမည့် ငွေဒင်္ဂါးကို ယခုလ ၂၄ ရက်တွင် ကျင်းပသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Tateshi HIGUCHI က မိတ်ဆက်ပြသမည်ဟု ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

No comments:

Post a Comment

back to top