Monday, November 24, 2014

အကောက်ခွန် လုပ်ငန်းများ နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုးတိုးတက်လာစေရေး WCO နှင့် ADB တို့မှ ကူညီ ထောက်ပံ့မည်


မြန်မာနိုင်ငံ၌ ကျင့်သုံးနေသော အကောက်ခွန် လုပ်ငန်းပိုင်းဆိုင်ရာ နည်းစနစ်များ နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် လုပ်ငန်းစဉ်များ ပိုမို လျင်မြန်စွာ ဆောင်ရွက်လာနိုင်စေရန်ကမ္ဘာ့ အကောက် ခွန်အဖွဲ့ (World Customs Organization- WCO) နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (Asian Development Bank - ADB)တို့မှ နည်းပညာနှင့် ငွေကြေး အထောက်အပံ့များ အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအချိန်တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကြီး ခုနစ်ခုမှ တစ်ဆင့် တစ်လလျှင် ပြည်ပသို့ တင်ပို့သော ကုန်သေတ္တာပေါင်း ၈ဝဝဝ ကျော်နှင့် ပြည်တွင်းသို့ တင်သွင်းလာသော ကုန်သေတ္တာ ပေါင်း ၁၄ဝဝဝ ခန့် အဝင်အထွက် ရှိပြီး မကြာမီ အာဆီယံ နိုင်ငံများ အကြား လွတ်လပ်စွာ ကုန်သွယ်ရေး စနစ် ပေါ်ပေါက်လာပါက ပို့ကုန်သွင်းကုန် ပမာဏသည် လက်ရှိ အခြေအနေထက် ပိုမို များပြား လာနိုင်ကြောင်း သိရသည်။ ထိုသို့ ကုန်သွယ်မှု တိုးမြင့်လာသောအခါ အကောက်ခွန် လုပ်ငန်းများ ပိုမို လျင်မြန်စွာ စစ်ဆေး ဆောင်ရွက်နိုင်စေရန် လိုအပ် လာနိုင်သဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံမှ အကောက် ခွန် လုပ်ငန်းကို ကမ္ဘာ့ အကောက်ခွန် အဖွဲ့နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် တို့မှ ကူညီ ထောက်ပံ့ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကမ္ဘာ့ အကောက်ခွန်အဖွဲ့( (WCO) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ အလားတူ ဂျပန်နိုင်ငံ ကလည်း မြန်မာနိုင်ငံတွင် အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းများ ပိုမို ထိရောက် လျင်မြန်စွာ လုပ်ဆောင် နိုင်စေရန် လက်ရှိ အသုံးပြုနေသော e-Customs စနစ်နှင့် Risk Management စနစ်များ အပြင် မြန်မာ အလိုအလျောက် ကုန်ပစ္စည်း ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS) ကိုလည်း တပ်ဆင် အသုံးပြုနိုင်ရန် ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top