တိုက်စစ်မှူး ရာအို၏ ချန်ပီယံလိဂ် ဂိုးသွင်းစံချိန်ကို မက်ဆီ အမီ လိုက်နိုင်ခဲ့
ဘာစီလိုနာ အသင်းမှ ရှေ့တန်းကစားသမား လီယိုနယ်မက်ဆီသည် ရီးယဲလ်မက်ဒရစ်နှင့် ရှော်ကေး တိုက်စစ်မှူးဟောင်း ရာအို၏ ချန်ပီယံလိဂ် ပွဲစဉ်တွင် ၇၁ ဂိုး သွင်းယူ၍ တင်ထားသည့် စံချိန်ကို အမီလိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။မက်ဆီသည် ရာအို၏ ဂိုးသွင်းမှု စံချိန်ကို အမီလိုက်နိုင်ရန်အတွက် လိုအပ်သော သွင်းဂိုးနှစ်ဂိုးကို Amsterdam Arena ကွင်း၌ နိုဝင်ဘာ ၅ ရက်က အေဂျက်အသင်းနှင့် ကစားခဲ့သော ချန်ပီယံလိဂ် အုပ်စု F ပွဲစဉ်တွင် ပွဲချိန် ၃၆ မိနစ်နှင့် ၇၆ မိနစ်တို့တွင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
မိမိ၏ နည်းပြသက်တမ်း တစ်လျှောက်တွင် တွေ့ကြုံခဲ့ရသော ကစားသမားများအနက် မက်ဆီသည် အကောင်းဆုံး ကစားသမား တစ်ဦးဖြစ်ကြောင်း နည်းပြလူးဝစ်အန်ရီကွစ်က သတင်းထောက် များကို ဂုဏ်ယူ ပြောကြားခဲ့သည်။
တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကို လေးကြိမ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့သော အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူးသည် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံး ကစားသမားဖြစ်ပြီး ယခုကဲ့သို့ ချန်ပီယံလိဂ် ပွဲစဉ်တွင် ဂိုးသွင်းမှု စံချိန်ကို အမီလိုက်နိုင်ခဲ့သည့် အတွက် ၎င်းနှင့် ထပ်တူထပ်မျှ ဝမ်းမြောက်ပျော်ရွှင်ကြောင်း ဘာစီလိုနာ ကွင်းလယ်လူ ဇာဗီက ပြောကြား ခဲ့သည်။
အလားတူ ရီးယဲလ်အသင်းမှ တိုက်စစ်မှူး ရော်နယ်ဒိုသည် ရာအို၏ စံချိန်ကို အမီလိုက်နိုင်ရန် သွင်းဂိုး တစ်ဂိုးမျှသာ လိုအပ်တော့ကြောင်း သိရသည်။

No comments:
Post a Comment