Friday, November 21, 2014

ဒီဇင်ဘာ ၃၁ ရက်ထိ အပ်နှံ ယာဉ်များသာ ပြည်ပ တင်သွင်း ယာဉ်မှတ်ပုံတင်ခ ရာခိုင်နှုန်း လျှော့ပေါ့ ပေးမည်


ပြည်သူများ ယာဉ်ဝယ်ယူရာတွင် အဆင်ပြေစေရန် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှ စ၍ ယာဉ်အို ယာဉ်ဟောင်း အပ်နှံလျှင် အစားထိုး ယာဉ် တင်သွင်း ဝယ်ယူခွင့်အား ထောက်ခံ၍ ယာဉ် တင်သွင်းခွင့်များ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးရာတွင် ''စ'' အက္ခရာမှ ''ပ'' အက္ခရာ အထိ အပ်နှံယာဉ်များ အစားထိုး တင်သွင်းလျှင် ၄ဝ ရာခိုင်နှုန်း၊ ''ဗ'' အက္ခရာ မှ ''၂က'' အက္ခရာ အထိ ယာဉ်များ၊ လေလံယာဉ်များအား ၆ဝ ရာခိုင်နှုန်း၊ ရာသက်ပန် Taxi ယာဉ်များ အဖြစ် တင်သွင်းလျှင် ၈ဝ ရာခိုင်နှုန်း၊ ထုတ်လုပ်သည့် ခုနှစ် ပုံစံ အနှစ် ၂ဝ ကျော် မည်သည့် အက္ခရာမဆို ယာဉ်များ၊ စက်မှုဇုန်များမှ ထုတ်လုပ်ပြီး အပ်နှံလိုသော ယာဉ်များ၊ သုံးဘီးယာဉ် (သုံးဘီး ဆိုင်ကယ်မပါ) များအား အပ်နှံ၍ လူစီးယာဉ် တင်သွင်းလျှင် ၂ဝ ရာခိုင်နှုန်း လျှော့ပေါ့၍ မှတ်ပုံတင် ပေးလျက် ရှိသည်။ ထို့အပြင် သုံးဘီးယာဉ် အပ်နှံပြီး သုံးဘီးယာဉ် တင်သွင်းလျှင် ၄ဝ ရာခိုင်နှုန်း၊ ယာဉ်တိုက်မှု ကြောင့် ပျက်စီးယာဉ်များ၊ မီးလောင် ပျက်စီး ယာဉ်များ၊ သဘာဝ ဘေးဒဏ်ကြောင့် အန္တရာယ် ကင်းရှင်းစွာ မောင်းနှင်နိုင်ခြင်း မရှိသည့် ယာဉ်များ အပ်နှံ ဖျက်သိမ်းလျှင် ၁ဝ ရာခိုင်နှုန်းများအား ပေးသွင်းရမည့် ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခတွင် လျှော့ချ ပေးလျက် ရှိသည်။
ယာဉ်အို ယာဉ်ဟောင်းများ အပ်နှံ၍ အစားထိုး တင်သွင်းခြင်းများ ဆောင်ရွက်ရာတွင် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ ပြည်ပ တင်သွင်းယာဉ် မှတ်ပုံတင်ခအား ရာခိုင်နှုန်း လျှော့ပေါ့ပေးခြင်းကို ဆောင်ရွက်ပေးခြင်း မပြုလုပ်တော့ဘဲ အစားထိုးယာဉ် တင်သွင်း/ ဝယ်ယူခြင်းသာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ယာဉ်အပ်နှံပြီး အစားထိုး ပြန်လည် တင်သွင်းရာတွင် အခက်အခဲ မရှိစေရန် ယာဉ် ဝယ်ယူ တင်သွင်းသူများမှ ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက် အထိ ယာဉ် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပါက ရာခိုင်နှုန်း လျှော့ပေါ့ပေးမည် ဖြစ်ရာ သတ်မှတ်ရက် အတွင်း ဆောင်ရွက်ကြရန် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး နှိုးဆော်ထားကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top