ကျောက်မျက် ရောင်းချပွဲ နေပြည်တော်တွင် ကျင်းပမည်
သတ္တုတွင်း ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီသည် ကျောက်မျက် ရိုင်း များနှင့် ကျောက်စိမ်း အသား ကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ ၂ဝ ရက်အထိ ကျင်းပပြု လုပ်မည်ဖြစ်သည်။
ကျောက်မျက်ရတနာ ရောင်းချပွဲသို့ ခွင့်ပြုမိန့် ရယူ၍ ကျောက်မျက် ရတနာများ တူးဖော် ထုတ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာ အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည့် နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ၊ သက်တမ်းရှိ ဂျီတီစီ (GTC) လိုင်စင် ရယူထားသူများနှင့် ကျောက်မျက် ရတနာကုမ္ပဏီ မှတ်ပုံတင် ရရှိပြီးသူများ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် အသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့် အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့် ပြုမည်ဖြစ်သည်။
မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူ ထားသူများကို ဝယ်ယူခွင့် ပြုမည် ဖြစ် သည်။ ကျောက်မျက် ရတနာ ရောင်းချပွဲသို့ တက် ရောက် ဝယ်ယူလိုသော နိုင်ငံသား ရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံ စပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည် ဖြစ်သည်။
ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံ သားရတနာ ကုန်သည်များကို ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၆ ရက်မှ ၁၃ ရက်အထိ မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရုံးချုပ် (နေပြည်တော်)တွင် ဖွင့်လှစ် ထားသော စီမံရေးရာ လုပ်ငန်း ကော်မတီရုံးတွင် ရောင်းချပွဲ တက်ရောက် ဝယ်ယူခွင့် ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်သည်။ သတ္တုတွင်း ဝန်ကြီးဌာန Website www. mining. gov.mmနှင့် မြန်မာ့ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း Website www.mge.gov.mm တွင် နိုင်ငံ သားရတနာ ကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရ မည့် ပုံစံများကို Download ရယူနိုင်ပါသည်။ Online မှတစ်ဆင့် လျှောက်ထား လိုပါက Website www.mge.gov.mm ၊ Online Pre-Registration Systemတွင် မှတ်ပုံတင်၍ ရောင်းချပွဲ တက်ရောက်ခွင့် ကိစ္စရပ်များ ဆောင်ရွက်နိုင်သည်။
၂ဝ၁၄ ခုနှစ် အောက်တိုဘာလ ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တက်ရောက် ဝယ်ယူခွင့် ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက နေပြည်တော်တွင် ဖွင့်လှစ်ထားသော စီမံရေးရာလုပ်ငန်း ကော်မတီရုံးတွင် ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
No comments:
Post a Comment