၂ဝ၁၄ ခုနှစ် ဇန်နဝါရီ လမှ စက်တင်ဘာ ၂၉ ရက် အထိ မြန်မာ နိုင်ငံအတွင်း သို့ နိုင်ငံခြား ခရီးသွား ဧည့်သည် နှစ်သန်း နီးပါး ဝင် ရောက် ခဲ့
၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ခရီးသွားဧည့်သည် နှစ်သန်း နီးပါးအထိ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ယခုအချိန်အထိ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြား ခရီးသွားဧည့်သည် အရေအတွက် ၁၉ဝဝဝဝဝ ကျော်မှာ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ စံချိန်တင်နှစ်ဟု ဆိုထားသော ၂ဝ၁၃ ခုနှစ်ကထက် များစွာသာလွန်မှု ရှိနေပြီဖြစ်ကြောင်း ဟိုတယ် နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးညွန့်က ပြောသည်။ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ၂ဝ၁၃ ခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် နှစ်သန်းကျော် ဝင်ရောက်ခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်ခဲ့ရာ ၂ဝ၁၄ ခုနှစ်အတွင်း ဝင်ပေါက်အသီးသီးမှ ဝင်ရောက်မှုမှာ အနည်းဆုံး ၁ဝ ရာခိုင်နှုန်းနှင့် အထက် များပြားနေကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်းသို့ လာရောက်ကြသော နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် ဝင်ပေါက် ၂၆ ခုကို အသုံးပြုပြီး နယ်စပ်ဂိတ် ပေါက်များမှ အများဆုံး ဝင်ရောက်ခဲ့ကြောင်း၊ လေကြောင်းနှင့် ရေကြောင်း အသုံးပြုမှုများမှာလည်း ယခင်နှစ်များကထက် ပိုမိုမြင့်တက်လာကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။
ယခုနှစ် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သော နိုင်ငံခြားခရီးသွား ဧည့်သည်စာရင်းများအရ ထိုင်း လူမျိုးနှင့် တရုတ်လူမျိုးများမှာ များပြားလျက်ရှိပြီး စုစုပေါင်း ဝင်ရောက်မှု၏ ၇ဝ ရာခိုင်နှုန်းကျော် ရှိကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ ပြည်ပ ခရီးသွားများအနက် အာရှနိုင်ငံများမှာ ၈ဝ ရာခိုင်နှုန်း အထိရှိနေပြီး ဥရောပ၊ အမေရိက၊ အာဖရိက၊ အရှေ့အလယ်ပိုင်း နှင့် သမုဒ္ဒရာပိုင်း နိုင်ငံများမှ ဝင်ရောက်မှု မြင့်တက်နေကြောင်း သိရသည်။ ထို့အပြင် လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များထံမှ နိုင်ငံခြားငွေ ရရှိမှုမှာ အမေရိကန်ဒေါ်လာ သန်း ၇၅ဝ ခန့်ရှိသည်။ အဆိုပါ ဝင်ငွေအရ ယခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွားကဏ္ဍမှ ရရှိမည့် ဝင်ငွေမှာ ဒေါ်လာ ၁ ဘီလီယံ ကျော်နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ လက်ရှိ စံနှုန်းအတိုင်း ဝင်ရောက်မည်ဆိုလျှင် ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှုမှာ လူဦးရေ သုံးသန်းနှင့်အထက် ရှိမည်ဟု ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က ပြောသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု အခြေအနေမှာ နှစ်စဉ် တိုးတက်လျက်ရှိပြီး ၂ဝ၁ဝ ပြည့်နှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် စုစုပေါင်း သုည ဒသမ ၇၉ သန်းသာ ရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် ၁ ဒသမ ဝ၆ သန်း၊ ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံခြား ခရီးသွားဧည့်သည် ၂ ဒသမ ဝ၄ သန်း အထိ သိသိသာသာ တိုးတက်ဝင်ရောက်ခဲ့ကာ ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည် သုံးသန်းနှင့်အထက် ဝင်ရောက်နိုင် မည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။
No comments:
Post a Comment