ကာတာနှင့် ယနေ့ ကစားမည့်ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အကောင်းဆုံး ပုံစံနှင့် အကောင်းဆုံး ရလဒ်ရရှိအောင် ယှဉ်ပြိုင်မည်ဟု မြန်မာနည်းပြ ပြောကြား
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် အာရှ ယူ-၁၉ ပြိုင်ပွဲ ဆီမီး ဖိုင်နယ် ပွဲစဉ်များကိုအောက်တိုဘာ ၂ဝ ရက် (ယနေ့)တွင် ဆက်လက် ကျင်းပမည် ဖြစ်ပြီး ညနေ ၃ နာရီခွဲတွင် ပထမပွဲ အဖြစ် ဥဇဘက် ကစ္စတန် အသင်းနှင့် မြောက်ကိုရီးယား အသင်း၊ ည ၇ နာရီတွင် ဒုတိယပွဲ အဖြစ် အိမ်ရှင်မြန်မာ အသင်းနှင့် ကာတာအသင်းတို့ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းမှာ ကွာတားဖိုင်နယ် အဆင့်တွင် နာမည်ကြီး ယူအေအီး အသင်းကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ် အဆင့်သို့ ရောက်ရှိကာ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့် ရရှိထားပြီး ဖြစ်သည့် မြန်မာအသင်း အနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ခြင်းကပင် အောင်မြင်မှု တစ်ခုဖြစ်ပြီး ယခုပြိုင်ပွဲမှာ အာရှအဆင့် ပြိုင်ပွဲဖြစ်သောကြောင့် ဗိုလ်လုပွဲ တက်ရောက်ရေး မှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအသင်းနှင့် တွေ့ဆုံနေသည့် ကာတာအသင်းမှာ အာရှထိပ်သီး အသင်းတစ်သင်း ဖြစ်ပြီး ကစားပုံ မာကျောကာ လျင်မြန်မှု ဦးစားပေး ကစားသည့် အသင်းဖြစ်သည်။ မြန်မာ အသင်း သတိထားရမည့် ကစားသမား တစ်ဦးမှာ တောင်ပံ ကစားသမား အယ်လ်ဆာဒီ ဖြစ်ပြီး ယခုပြိုင်ပွဲတွင် လေးပွဲ၌ ငါးဂိုး သွင်းယူ ထားသည့် ကစားသမား တစ်ဦးဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တော် ဝင်ဂါးဒင်း ဟိုတယ်၌ ကျင်းပသည်။ မြန်မာအသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ''မိမိတို့၏ အလိုချင်ဆုံး ဖြစ်သည့် ကမ္ဘာ့ဖလား ဝင်ခွင့်ကို ရရှိထားပြီး ဖြစ်တာကြောင့် ဖိအား မရှိတော့ကြောင်း၊ သို့သော် ကြီးမားသည့် အပိုဆုအဖြစ် ချန်ပီယံဆု ရရှိရန်အထိ ကြိုးစားသွားမည် ဖြစ်ကြောင်း၊ ကစားသမားများ ကို မဖြစ်မနေ နိုင်ရမည်ဟု ဖိအား မပေးထားသော်လည်း အကောင်းဆုံး ပုံစံနှင့် အကောင်း ဆုံးရလဒ် ရရှိရန် ကြိုးပမ်း ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ မြန်မာဘောလုံး ပရိသတ်များ အနေဖြင့် တစ်ခဲနက် လာရောက် အားပေးမည်ဟု ယုံကြည်ကြောင်း၊ သို့သော် ထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံ ပေးစေလိုကြောင်း၊ ယခုပြိုင်ပွဲမှာ အာရှအဆင့်ပြိုင်ပွဲ ဖြစ်၍ ပြိုင်ပွဲအဆင့်အတန်း၊ ပြိုင်ဘက် အနေအထားပေါ် နားလည်ပေး စေလို ပါကြောင်း'' ပြောကြားခဲ့သည်။
ကာတာအသင်း နည်းပြ ဆန်းချက်က''ကမ္ဘာ့ဖလား ဝင်ခွင့်ရထားသော်လည်း မိမိတို့၏ ရည်မှန်းချက်များ မပြီးဆုံးသေးကြောင်း၊ အသင်းကို ပြန်လည်ပြင်ဆင် ထားကြောင်း၊ မြန်မာ အသင်းမှာ ကစားသမား ကောင်းများဖြင့် ဖွဲ့စည်းထားပြီး အိမ်ရှင်အသင်း ဖြစ်သောကြောင့် ခက်ခက်ခဲခဲ ကစားရမည် ဖြစ်ကြောင်း၊ အိမ်ရှင်ပရိသတ်၏ ဖိအားမှာ အနည်းငယ် ရိုက်ခတ်မှု ရှိနိုင်ကြောင်း'' ပြောကြားခဲ့သည်။
.jpg)
No comments:
Post a Comment