အီဘိုလာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြော
ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့ အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြား ခန်းမဆောင်၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။အခမ်းအနားသို့ ကျောက်တံခါးမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ သီဟစိုးနှင့် မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်စန္ဒာထွန်းနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာ သီဟစိုးနှင့် မြို့နယ် ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်စန္ဒာထွန်းတို့က ကူးစက်မြန် အီဘိုလာဗိုင်းရပ်စ် စတင် ဖြစ်ပေါ်လာပုံနှင့် ရောဂါလက္ခဏာ များမှာ ဖျားခြင်း၊ အားအင် ချည့်နဲ့ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ လည်ချောင်း နာခြင်း၊ အန်ခြင်း၊ အရည် ဝမ်းသွားခြင်းများ ဖြစ်ပေါ်ပြီး အသည်းနှင့် ကျောက်ကပ်များ ပျက်စီးကာ ခန္ဓာကိုယ် အတွင်း အပြင် သွေးယိုထွက်မှု ရှိခြင်းကြောင့် အသက်အန္တရာယ် ရှိနိုင်ကြောင်း၊ ရောဂါ ကူးစက်ပုံမှာ အီဘိုလာရောဂါပိုး ရှိသူ သို့မဟုတ် တိရစ္ဆာန်တို့၏ ခန္ဓာကိုယ်မှ ထွက်သော အရည်၊ တံတွေး၊ သွေးတို့နှင့် တိုက်ရိုက် ထိတွေ့ ထားသည့် အရာဝတ္ထုများကို ကိုင်တွယ်မိခြင်းကြောင့် ရောဂါ ကူးစက်နိုင်ကြောင်း၊ ယနေ့ အချိန်ထိ ကုသသည့် ဆေး မရှိသေးသောကြောင့် ရောဂါ မဖြစ်ပွားရန် ကာကွယ်ရေးသည်သာ အဓိက အရေးကြီး ကြောင်းနှင့် ရောဂါဖြစ်ပွားမည့် လက္ခဏာ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သတင်းပို့၍ ကုသမှု ခံယူရန် လိုအပ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအား သိရှိစေရန် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment