Monday, October 20, 2014

မိုးရာသီ မြန်မာဂီတဆုပေးပွဲမှာ ဆုနှစ်ဆုစီဆွတ်ခူးခဲ့တဲ့ Big Bag၊ ဝေလ၊ လွှမ်းပိုင်နဲ့ နီနီခင်ဇော်

ပထမဆုံးအကြိမ် မိုးရာသီမြန်မာဂီတဆုပေးပွဲကို အောက်တိုဘာ ၁၈ရက်ညတွင်ပြုလုပ်ခဲ့ရာ ပရိသတ်များပေးသည့်ဆုနှင့် ပညာရှင်များပေးသည့်ဆု အများစု ထပ်တူကျခဲ့ပြီး Big Bag၊ ဝေလ၊ လွှမ်းပိုင်နှင့် နီနီခင်ဇော်တို့က ဆု နှစ်ဆုစီ ရရှိခဲ့သည်။ ဂီတဆုပေးပွဲတွင် ယခင်က ကြေညာထားသည့် ဆုများအပြင် အကဲဖြတ်သည့်ဂီတပညာရှင်များ ရွေးချယ်ပေးသည့် အထူးဆုငါးဆုကို ထည့်သွင်းချီးမြှင့်ခဲ့သည်။ ဂီတဖျော်ဖြေမှုများနှင့် ပွဲကို စတင်ခဲ့ပြီး ဆုချီးမြှင့်သည့် အစီအစဉ်နှင့် ဖျော်ဖြေမှုအစီအစဉ်ကို တစ်လှည့်စီပြုလုပ်ခဲ့သည်။  ပရိသတ်များရွေးချယ်ပေးသည့် ဆုများကို  ပထမဆုံး ချီးမြှင့်ပေးခဲ့ပြီး The Freshest Pop Song Monsoon ဆုကို ထွန်းရတီဇော်ကBaby  Love သီချင်းဖြင့်လည်း ကောင်း၊ The Freshest Hip Hop Song Monsoonဆုကို လွှမ်းပိုင်က ကိုကို သီချင်းဖြင့်လည်းကောင်း၊The Freshest Rock Song Monsoon ဆုကို Big Bag က သည်းခံသီချင်းဖြင့်လည်းကောင်း အသီးသီးရရှိခဲ့သလို ပရိသတ်အကြိုက်ဆုံးအနုပညာရှင်အမျိုးသားနှင့်အမျိုးသမီးဆုများကို စိုင်းစိုင်းခမ်းလှိုင်နှင့်  ၀ိုင်းစုခိုင်သိန်းတို့  ရရှိခဲ့ကြ သည်။
ဂီတပညာရှင်များရွေးချယ်ပေးသော ဆုချီးမြှင့်သည့်အစီအစဉ်တွင် အကောင်းဆုံးပေါ့ပ်ဂီတ ဆုကို နီနီခင်ဇော်က မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းဖြင့် လည်းကောင်း၊ အကောင်းဆုံး ရက်ပ်ဂီတဆုကို လွှမ်းပိုင်က ကိုကိုသီချင်းဖြင့်လည်းကောင်း၊ အကောင်းဆုံးရော့ခ်ဂီတဆုကို ဝေလက မိတ်ကပ်မကြိုက်သော သီချင်းများသီချင်းဖြင့်လည်းကောင်း ဆုများရရှိခဲ့ကြပြီး မိုးရာသီအတွင်း ထွက်ရှိခဲ့သော သီချင်းများမှ အကောင်းဆုံးတေးသီချင်းဆုကို နီနီခင်ဇော်သီဆိုထားသည့် မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းက ရရှိခဲ့သည်။ ထို့အပြင် ဂီတပညာရှင်များ ရွေးချယ်ထားသည့်အထူးဂီတဆု ငါးဆုကို ထပ်မံဆုချီးမြှင့်ခဲ့ရာ အောင်ရင်၏ အိမ်အလွမ်းသီချင်း၊ လူငယ်အမျိုးသမီးအဆိုတော် မိစန္ဒီ၊ SARAH Music Band၊ ဝေလနှင့် သည်းခံသီချင်းကိုသီဆိုသည့် Big Bag အဖွဲ့ကို ဆုများ ထပ်မံပေးအပ်ခဲ့သည်။ အောင်ရင်၏ အိမ်အလွမ်း သီချင်းဆုရရှိချိန်တွင် ယင်းသီချင်းနှင့်ပတ်သက်၍ အောင်ရင် ပြောကြားထားသည့် ဗီဒီယိုဖိုင်တစ်ခုကို ဖွင့်ပြခဲ့ပြီးအဆိုပါသီ ချင်းကို ဖြန့်ချိပေးခဲ့သည့် Myanmar Music Storeမှ ဦးကိုကိုလွင်က ကိုယ်စားဆုလက်ခံခဲ့သည်။ Big Bagအဖွဲ့မှာမူ ၎င်းတို့ ၏မျှော်စင်ကျွန်းဖျော်ဖြေပွဲနှင့်အချိန်တိုက်နေသောကြောင့် ဆု တက်ရောက်ယူနိုင်ခြင်းမရှိခဲ့ပေ။
‘‘ဒီပွဲအောင်မြင်တယ်ဆိုတာထက် အဆင်ပြေချောမွေ့စွာပြီးစီး သွားတယ်လို့ထင်ပါတယ်။ ပျော် ရွှင်ကျေနပ်စရာတွေရှိသလို အများကြီးဖြည့်စွက်ပြီး ပြင်ဆင်ရဦးမယ်။ ဒီအထဲက သင်ယူရမှာတွေလည်း အများကြီးပါ’’ဟု ပထမဆုံးအကြိမ် ဂီတဆုပေးပွဲနှင့်ပတ်သက်၍ ယင်းအစီအစဉ်ဖြစ် မြောက်ရန် ဦးဆောင်စီစဉ်ခဲ့သည့် ရွှေဂျော်ဂျော်ကသုံးသပ်သည်။
ယင်းဖျော်ဖြေပွဲနှင့်ပတ်သက်၍ နွဲ့ယဉ်ဝင်းက ဒီလောက် ခမ်းနားမည်ဟု မထင်သလို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ရွှေဂျော်ဂျော်ကို ချီးကျူး သကဲ့သို့ ဇော်ဝင်းထွဋ်ကလည်း ယခုကဲ့သို့ ဂီတဆုပေးပွဲသည် မျိုးဆက်တစ်ခုမှ မျိုးဆက်တစ်ခုသို့  ဂုဏ်ပြုသည့်သဘောပင်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ပရိသတ်များကြားတွင် အားပေးမှုရသလို ဝေဖန်မှုများရှိခဲ့သည့် မျှော်လင့်ချက်တစ်စုံတစ်ရာသီချင်းဖြင့် ဆုရရှိခဲ့သော နီနီခင်ဇော်က ၎င်း၏ကျေးဇူးတင်စကားတွင်‘‘နီနီ နိုင်ငံရေးသမားလည်းမဟုတ်ပါဘူး။ နိုင်ငံရေးလည်းမလုပ်ပါဘူး။ နီနီချစ်တဲ့ပုဂ္ဂိုလ်ကို လေးစားလို့ ဆိုခဲ့တာပါ’’ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top