နောက်ဆို မြန်မာ နိုင်ပြီဆိုတဲ့ သီချင်း အမြဲကြားရတော့မယ်လို့ ယုံကြည် ပါတယ်ဆိုတဲ့ မိုးစက်ဝိုင်
ဘောလုံး အားကစားကို ချစ်ခင်မြတ်နိုးသူ မိုးစက်ဝိုင်က ''နောက်ဆို မြန်မာနိုင်ပြီဆိုတဲ့ သီချင်း အမြဲကြား ရတော့မယ်လို့ ယုံကြည်ပါတယ်''ဟုဆိုသည်။''မိုးစက်မနေ့က နယ်ကို ရောက်နေတော့ ဘောလုံးပွဲ ကစားနေတာကို မကြည့်လိုက်ရဘူး။ ကြည့်ရတဲ့ အချိန်မှာ မြန်မာဘောလုံး အသင်းက အောင်ပွဲခံ နေပြီ။ နိုင်တော့ အရမ်း ပျော်တာပေါ့''ဟု မိုးစက်ဝိုင်က မြန်မာ ယူ-၁၉ ဘောလုံးအသင်း အောင်မြင်မှုနှင့် ပတ်သက်ပြီး သူမပျော်ရွှင်မှုကိုပြောပြသည်။
သူမ ဗန်ကောက် သွားသည့်နေ့ကလည်း လေဆိပ်တွင် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းကြီးနှင့် ဆုံခဲ့သေးကြောင်း ပြောပြသည်။ မြန်မာ ယူ-၁၉ အသင်းအောင်မြင်မှု များနှင့် ပတ်သက်ပြီး ''ဒီနေ့ ဟဲဟိုးကပြန်လာတာ အင်တာနက်ရတဲ့ အချိန် ဖွင့်လိုက်တော့ မြန်မာ ဘောလုံး အသင်းနိုင်တဲ့ သတင်းတွေ အများကြီး တက်နေတယ်''ဟု သူမ၏ဖေ့စ်ဘွတ် စာမျက်နှာမှ မြင်တွေ့ခဲ့ရမှုကိုဆိုသည်။
လေယာဉ်ပေါ်က သတင်းစာမှာ ''မြန်မာနိုင်ငံတော်သီချင်း နယူးဇီလန်တွင် လွင့်ပျံ့ နိုင်တော့မည်'' ဆိုသည့် သတင်းကို ဖတ်လိုက်ရတော့ မိုးစက်အရမ်းပျော်လို့ ဝမ်းနည်း သလိုလိုတောင် ခံစားလိုက်ရတယ်ဟု ဟဲဟိုးမှ ရန်ကုန်သို့ ပြန်လာစဉ် သူမ၏ဝမ်းသာမှု ခံစားချက်ကိုလည်း ပြောပြသေးသည်။
မိုးစက်ဝိုင်က အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများတွင် သုဝဏ္ဏကွင်းသို့ သွားရောက် အားပေးမယ်လို့လည်း ဆိုသည်။ ၂ဝ၁၅ နယူးဇီလန်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပွဲကို သွားကြည့်မလား ဆိုသည့် မေးခွန်းကိုတော့ ကြိုပြီးတော့ မပြောတတ်သေးပါဟု ဖြေသည်။
မိုးစက်ဝိုင်သည် ဘောလုံး အားကစားကို ချစ်ခင်မြတ်နိုးသူ ဖြစ်ပြီး ဘရာဇီးနိုင်ငံတွင် ကျင်းပသည့် ၂ဝ၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ သွားရောက်ကာ အာဂျင်တီးနား အသင်းနှင့် ဘရာဇီး အသင်းကို အားပေးခဲ့သူ ဖြစ်သည်။
မိုးစက်ဝိုင်က မြန်မာ ယူ-၁၉ ဘောလုံး အသင်းအား ''နောက်ဆို မြန်မာနိုင်ပြီဆိုတဲ့ သီချင်း အမြဲကြားရတော့မယ်လို့ ယုံကြည်ပါတယ်''ဟု နောက်ဆုံး အနေဖြင့် ဆုမွန်ကောင်း တောင်းပေး ခဲ့ပါသည်။

No comments:
Post a Comment