Thursday, October 2, 2014

ရန်ကုန်မြို့ပတ် လျှပ်စစ်ရထား စီမံကိန်း ၂ဝ၁၆ ခုနှစ်တွင် စတင်၍ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် အပြီးသတ်ရန် လျာထား


ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံမှ ချေးငွေများဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အကုန် အကျခံ တည်ဆောက်မည့် ရန်ကုန်မြို့ပတ် လျှပ်စစ်ရထား စီမံကိန်းကို ၂ဝ၁၆ ခုနှစ်တွင် စတင်၍ ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ် တွင် အပြီးသတ်ရန် လျာထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဌေးက ပြောသည်။
အဆိုပါ စီမံကိန်းကို ၂ဝ၁၆ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး ရန်ကုန် မြို့ပတ် လျှပ်စစ်ရထား စီမံကိန်းအတွက် ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ချေးငွေ ရယူပြီး အမေရိကန် ဒေါ်လာ ၂ ဘီလီယံ အကုန်အကျခံ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ရထားများ ဖြတ်သန်းနိုင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ်အတွင်း ရထားသံလမ်းကူး ခုံးကျော် တံတား ၁၁ စင်းကို အဆင့်မြှင့်တင်၍ ပြန်လည် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရ သည်။
လျှပ်စစ်ရထား ပြေးဆွဲရေး အစီအစဉ်သည် မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ စီမံကိန်း၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်ပါဝင်ပြီး အဆိုပါ စီမံကိန်းတွင် လျှပ်စစ်ရထား စီမံကိန်း အပြင် အခြား စီမံကိန်းများကိုလည်း ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။ လျှပ်စစ်ရထား စီမံကိန်းကို အမြန်ဆုံး စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း အပြင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုနှင့် လက်ရှိ အသုံးပြုနေသည့် ရထား သံလမ်းကူး ခုံးကျော် တံတားများကိုပါ အဆင့် မြှင့်တင်ပြီး ပြန်လည် တည်ဆောက်ရမည့် လိုအပ် ချက်များ ရှိနေသည့်အတွက် စီမံကိန်း ကာလကို  ၂ဝ၁၆ ခုနှစ်မှ စတင်ပြီး ၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

No comments:

Post a Comment

back to top