သမ္မတ ပညာသင်ဆုကို ယခု သုံးလအတွင်း စိစစ် ရွေးချယ်မည်
နိုင်ငံတော် သမ္မတ၏ ဘွဲ့လွန်တန်း၊ ဘွဲ့ကြိုတန်း ပညာသင်ဆု ရရှိသူများကို ယခု သုံးလအတွင်း အပြီးသတ် စိစစ် ရွေးချယ်ပေး သွားမည် ဖြစ်ကြောင်း သမ္မတ ပညာသင်ဆု ရွေးချယ်ရေး ကော်မတီဝင် ဒေါက်တာ အောင်ထွန်းသက် ထံမှ သိရသည်။ ''နိုင်ငံခြား တက္ကသိုလ်တွေမှာ တက်ရောက် ပညာ သင်ကြားနိုင်စေရေး အတွက် ဝန်ကြီးဌာနက စိစစ် နေတယ်။ ပြီးရင် ဆရာတို့ ရွေးချယ်ရေး ကော်မတီက ထပ်ပြီး အပြီးသတ် စိစစ်မယ်။ ဒီသုံးလအတွင်းမှာ အပြီးသတ် စိစစ် ရွေးချယ် သွားမှာပါ'' ဟု ၎င်းက ဆက်လက် ပြောသည်။
အဆိုပါ သမ္မတ ပညာသင်ဆု အစီအစဉ်သည် မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၅ဝ ကျော်မှ အစိုးရ ပညာတော် သင်ဆုအဖြစ် ပြန်လည် ပေးအပ်ခြင်းဖြစ်ပြီး ဘွဲ့ကြိုတန်းအတွက် တက္ကသိုလ်ဝင် စာမေးပွဲအောင်လက်မှတ် တွင် အမှတ်ပေါင်း ၅ဝဝ အထက် ရရှိသူများ၊ ဘွဲ့လွန်တန်းအတွက် မဟာတန်း တက်ရောက်ရန် အဆင့်မီသူများ လျှောက်ထားခွင့် ပြုထားသည်။ လျှောက်လွှာခေါ်ယူစဉ် ပဏာမ အဆင့် ရွေးချယ်ခံရသူများ စာရင်းကို နိုင်ငံပိုင် သတင်းစာများ၌ ထုတ်ပြန်ကြေညာမည်ဟု ဖော်ပြထားသော်လည်း အပြီးသတ် ရွေးချယ် မည့်ကာလ ကို ဖော်ပြထားခြင်း မရှိသောကြောင့် ပညာသင်ဆု လျှောက်ထားသူများ အနေဖြင့် ရွေးချယ်ခံရရန် အချိန် ကာလမည်မျှ စောင့်ရမည်ကို မသိရှိသေးကြောင်း လျှောက်လွှာတင်သူများထံမှ သိရသည်။ သမ္မတ ပညာ သင်ဆုဖြင့် နိုင်ငံခြားမှ ဘွဲ့ရရှိပြီး ပြန်လာပါက နိုင်ငံတော်မှ ပေးအပ်သော တာဝန်ကို ပညာတော်သင် ကာလ၏ နှစ်ဆ တာဝန်ထမ်း ဆောင်ရမည်ဖြစ်ပြီး တာဝန် မထမ်းဆောင်နိုင်ပါက ကုန်ကျ စရိတ်များ၏ သုံးဆကို ပြန်လည် ပေးလျော်ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပညာသင်ဆု လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ပေါင်း ရာနှင့်ချီ၍ ရှိကြောင်း သိရသည်။
No comments:
Post a Comment