ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ မီးရထား လမ်းသစ် ဖောက်လုပ်မည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အသစ်ဆောက်လုပ်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မီးရထားလမ်းသစ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ယခုလ ၁၁ ရက်တွင် မြန်မာ့မီးရထားမှ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
မီးရထားလမ်း ဖောက်လုပ်ရာတွင် လမ်းတစ်လျှောက်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားသော ကြောင့် မီးရထားပိုင် မြေနေရာသို့ ကျူးကျော်နေထိုင်သူ စာရင်းများကိုလည်း ကောက်ယူသွားမည်ဖြစ် ကြောင်း၊ ထိုသို့ စာရင်းကောက်ယူရုံသာမက ရန်ကုန်မြို့ပတ်လမ်းတစ်လျှောက် အုတ်တံတိုင်းခတ်ကာ ကျူးကျော်နေထိုင်မှုများ မရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ မြို့ပတ်လမ်းများ တစ်လျှောက်၌ သန့်ရှင်းသပ်ရပ်စေရန်နှင့် အများပြည်သူများ ရထားလမ်းသို့ အလွယ်တကူ ဖြတ်သန်း၍ မရစေရန် ယင်းသို့ဆောင်ရွက်ခြင်းဖြစ်သည်။
မြို့ပတ်ရထားလမ်းတစ်လျှောက်၌ အုတ်တံတိုင်းခတ်ခြင်း လုပ်ဆောင်ရာတွင် ရထားလမ်းဘေးသို့ ကျူးကျော် နေထိုင်သူများကို တားဆီးနိုင်ရန်ဖြစ်ပြီး အုတ်တံတိုင်းခတ်ပြီးပါက အဆိုပါ ကျူးကျော်နေထိုင် သူများကို ပြန်လည်ဆောင်ရွက်ပေး၊ မပေး အတွက်ကိုမူ ရည်ရွယ်ချက်မရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် လှည်းတန်းဘူတာမှ ကမာရွတ်ဘူတာကြား၊ ကမာရွတ်ဘူတာမှ သီရိမြိုင်ဘူတာ၊ တံတား လေးဘူတာမှ ကျောက်ရေတွင်းဘူတာကြား၊ ကျောက်ရေတွင်းဘူတာမှ ပုရွတ်ဆိတ်ကုန်း ဘူတာကြား၊ မေတ္တာညွန့်ဘူတာမှ တာမွေဘူတာကြားတို့၌ အုတ်တံတိုင်း ကာရံခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ်သတင်းစာတွင် ဖော်ပြထားပါသည်။
No comments:
Post a Comment