Monday, October 27, 2014

ကမ္ဘာ့ စူပါစီးရီး ပိုက်ကျော်ခြင်း ပြိုင်ပွဲအပြီး မြန်မာ့ရိုးရာ ခြင်း လုံး ပြိုင်ပွဲကို ဆက်လက် ကျင်းပ သွားမည်



မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် ကမ္ဘာ့စူပါစီးရီး ပိုက်ကျော် ခြင်းပြိုင်ပွဲ အပြီးတွင် မြန်မာ့ရိုးရာခြင်းလုံး ပြိုင်ပွဲကို နေပြည်တော်၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း  မြန်မာ နိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ သိရသည်။
''ပိုက်ကျော်ခြင်း ပြိုင်ပွဲကို နိုင်ငံတော်တော်များများက စိတ်ဝင်စားကြသလို ရိုးရာ ခြင်းလုံး ကိုလည်း အာရှနိုင်ငံ တော်တော်များများက စိတ်ဝင်စားကြ တာကြောင့် ပိုက်ကျော်ခြင်း  ပြိုင်ပွဲပြီးရင် မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ဆက်လက် ကျင်းပသွားမှာပါ။ မြန်မာ့ရိုးရာ ခြင်းလုံး အားကစားနည်း ကိုလည်း အာရှအားကစား လောကမှာ အဆင့်အတန်းမီတဲ့ အားကစား တစ်ခုဖြစ်အောင် ဆောင်ရွက်သွားမှာပါ''ဟု မြန်မာ့ရိုးရာ ခြင်းလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာ့ရိုးရာ ခြင်းလုံးပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်မှ ၅ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ့ ရိုးရာ ခြင်း လုံးပြိုင်ပွဲ၏ အမျိုးသား ပွဲစဉ်များကို အိမ်ရှင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊   စင်ကာပူ၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း  သိရသည်။
အမျိုးသမီး ပွဲစဉ်များတွင် အိမ်ရှင် မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊  အင်ဒိုနီးရှား၊ အိန္ဒိယ နှင့် ပါကစ္စတန်တို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top