Thursday, October 9, 2014

အမျိုးသမီး သီးသန့်ယာဉ်များ ဒုတိယအကြိမ် ပြန်လည် ပြေးဆွဲမည်

ပထမအကြိမ် စမ်းသပ်ပြေးဆွဲစဉ်က အောင်မြင်ခြင်း မရှိခဲ့သော အမျိုးသမီး သီးသန့်ယာဉ်များကို ဒုတိယ အကြိမ် ပြန်လည်ပြေးဆွဲရန် အစီအစဉ် များ ရေးဆွဲအကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး  မော်တော်ယာဉ်  လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု (ဗဟို) ကော်မတီမှ သိရသည်။

လွန်ခဲ့သောနှစ် အနည်းငယ် အတွင်းက ပါရမီယာဉ်လိုင်းမှ ဦးစီး၍အမျိုးသမီး သီးသန့်ယာဉ်များဖြင့် စတင် ပြေးဆွဲခဲ့သော်လည်း ကုန်ကျ စရိတ် နှင့်ရရှိသည့် ဝင်ငွေမှာ  တွက်ခြေကိုက်ခြင်း မရှိသည့်အတွက် စတင် ပြေးဆွဲသည့် အချိန်မှစ၍ ခြောက်လခန့် အကြာတွင် ပြေးဆွဲခြင်းကို ရပ်ဆိုင်း ခဲ့ခြင်း ဖြစ်ကြောင်း မ-ထ-သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ယခုအခါ အမျိုးသမီး သီးသန့်ယာဉ်လိုင်း အဖြစ် ပြန်လည် ပြေးဆွဲရန် စီစဉ်သည့် ယာဉ်လိုင်းမှာ အမှတ် ၃၁ ယာဉ်လိုင်းဖြစ်ပြီး မြောက်ဒဂုံ ဘေလီထိပ်ဂိတ်ရင်းမှစ၍ လမ်းမတော် စံပြမှတ်တိုင်ဂိတ်များအထိ အလှည့်ကျ ပုံစံမျိုးဖြင့်  ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
အမျိုးသမီး သီးသန့်ယာဉ်များ ပြန်လည် ပြေးဆွဲနိုင်ရန် ယာဉ်ပိုင်ရှင်များက တောင်းခံလာခြင်း အပေါ်တွင် မ-ထ-သ (ဗဟို) အနေဖြင့် အသေးစိတ် အချက်အလက်များကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ထံသို့  တင်ပြထားပြီး ပြေးဆွဲရန် ခွင့်ပြုမိန့်ရရှိလာပါက အမျိုးသမီး သီးသန့်ယာဉ်များကို ပြန်လည်ပြေးဆွဲခွင့် ပြုသွားမည် ဖြစ်သည်။
အမျိုးသမီး သီးသန့်ယာဉ်များကို ပြေးဆွဲခွင့် ပြုလိုက်ပါက ရုံးတက်၊ ရုံးဆင်းချိန်များ ဖြစ်သည့် နံနက်ပိုင်းနှင့် ညနေပိုင်းများတွင်သာ ပြေးဆွဲ သွားမည်ဖြစ်ပြီး တစ်နေ့လျှင် အစီးရေ ခြောက်စီးခန့်သာ ပြေးဆွဲမည် ဖြစ်ကြောင်း အမှတ် ၃၁ ယာဉ်လိုင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။
လက်ရှိတွင် အမျိုးသမီးသီးသန့်ယာဉ် စတင်ပြေးဆွဲပါက ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ယာဉ်ပိုင်ရှင်များနှင့် ဆွေးနွေးနေကြောင်း၊ အခက် အခဲများ ကြုံတွေ့ပါကလည်း ဖြေရှင်းနိုင်မည့် နည်းလမ်း များကို ရှာဖွေနေကြောင်း ၎င်းက ဆက်လက် ပြောသည်။     


No comments:

Post a Comment

back to top