Friday, October 31, 2014

အာဆီယံဒေသ အဆင့် မသန်စွမ်းသူများ အနုပညာ ပွဲတော် နေပြည်တော်နှင့်ရန်ကုန်တွင် ကျင်းပမည်


အာဆီယံ ဒေသတွင်း နိုင်ငံများမှ မသန်စွမ်း အနုပညာရှင်များနှင့် ပြည်တွင်း မသန်စွမ်း အနုပညာရှင် များ ပါဝင်ဖျော်ဖြေ တင်ဆက်မည့် အာဆီယံဒေသ အဆင့် မသန်စွမ်းသူများ အနုပညာ ပွဲတော် (Im-mense  Spectrum)ကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပသွားမည် ဖြစ်သည်။
အဆိုပါ ပွဲတော်တွင် ပါဝင်ဖျော်ဖြေ တင်ဆက်ရန် အာဆီယံ နိုင်ငံများမှ မသန်စွမ်း အနုပညာရှင် ဦးရေ ၇ဝ ခန့်ကို ဖိတ်ကြားထားပြီးဖြစ်ကာ  ပြည်တွင်းမှ မသန်စွမ်း အနုပညာရှင် ဦးရေ ၃ဝ ခန့် ပါဝင်တင်ဆက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့မှ သိရသည်။
ယင်းပွဲတော်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဖြစ်သည့် ဒီဇင်ဘာ ၃ ရက်တွင် နေပြည်တော်၌ လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံ၌ လည်းကောင်း ကျင်းပသွားမည် ဖြစ်ကာ အဆို၊ အတီး၊ အကများ အပြင်  မသန်စွမ်းသူများ ကပြဖျော်ဖြေသော  ဝှီးချဲ (Wheel  Chair) အက အနုပညာ တင်ဆက်မှုများလည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
အာဆီယံ မသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပနိုင်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်း အဖွဲ့ အစည်းများ  ပူးပေါင်း ဆောင်ရွက်လျက်ရှိကာ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ အဓိက ကူညီပံ့ပိုးလျက် ရှိကြောင်း သိရသည်။
ထို့ပြင်  ပွဲတော်အတွက် လိုအပ်သော ကူညီပံ့ပိုးမှုများ ထပ်မံ ပါဝင်လာရေး အတွက် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့က ဖိတ်ခေါ်ထားသည်။
မသန်စွမ်းသူများ ဖျော်ဖြေ တင်ဆက်ခဲ့ သည့် အနဂ္ဃရောင်စဉ် ဂီတပွဲတော်ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်းက ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်း ဗဟိုဌာန၌  ကျင်းပခဲ့သည်။
မြန်မာနိုင်ငံသည်   မသန်စွမ်းသူများ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် ရေးထိုးနိုင်ခဲ့ပြီး မသန်စွမ်းသူများ လူမှု အဖွဲ့အစည်းများ အတွင်း အပြည့်အဝ ပါဝင်ခွင့် ရရှိရေးကို ပြည်တွင်း မသန်စွမ်းအဖွဲ့ အစည်းများနှင့် ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းကာ အရှိန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top