Thursday, October 9, 2014

ဝေးလ်စ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဂါရတ်ဘေးလ် လေးကြိမ် မြောက်စံချိန်တင် ရရှိ


ရီးရဲလ်မက်ဒရစ်၏ တောင်ပံကစားသမား ဝေးလ်စ် လက်ရွေးစင် ဂါရတ်ဘေးလ်သည် ကစားသမားဘဝတွင် လေးကြိမ်မြောက် အဖြစ် ဝေးလ်စ် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးခဲ့သလို ပရိသတ်များ ရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကိုလည်း ရရှိခဲ့သည်။
ဘေးလ် (၂၅) နှစ်သည် ရီးရဲလ်အတွက် ခြေစွမ်းပြရင်း ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်သည့် ၂၀၁၄ တစ်နှစ်တာ အကောင်းဆုံး ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ထိုဆုကို ငါးနှစ်အတွင်း လေးကြိမ်မြောက် ရခဲ့ကာ  ယခင်က ထိုဆုကို သုံးကြိမ်စီ ရခဲ့ဖူးသည့် မက်ဟယူးဇ်နှင့် ဂျွန်ဟတ် ဆန်တို့ကို ကျော်လွန်ကာ စံချိန်သစ် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဘေးလ်သည် ယမန်နှစ်က ရီးရဲလ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ရောက်ခဲ့ပြီးနောက် အသင်းနှင့် လာလီဂါ ၂၇ ပွဲကစားကာ ၁၅ ဂိုးသွင်းခဲ့ပြီး ချန်ပီယံလိဂ်၊ ယူအီး အက်ဖ်အေ စူပါဖလားနှင့် ကိုပါ ဒယ်ရေး ဖလားသုံးလုံး ဆွတ်ခူးနိုင် ခဲ့သည်။
‘‘ပြီးခဲ့တဲ့နှစ်ကတော့ ထူးခြားတဲ့နှစ် ဖြစ်ခဲ့ပါတယ်။ မက်ဒရစ်ကို ကျွန်တော် ရောက်လာခဲ့ပြီး ဆုဖလား တွေရခဲ့တယ်။ ကံကောင်း ခဲ့ပါတယ်’’ ဟု ပြောသည်။ ဝေးလ်ပရိသတ်များ ပေးသည့် တစ်နှစ်တာ ကောင်းဆုံးဆု ရထားသော ဘေးလ်သည် မကြာမီ ကစားမည့် ယူရို ၂၀၁၆  ခြေစစ်ပွဲများ တွင်လည်း ဘော့စနီးယား-ဟာဇီဂိုးဗီးနားနှင့် ဆိုက်ပရပ်စ်တို့ နှင့် ပွဲများ၌ ဝေးလ်စ်လက်ရွေးစင် အသင်းတွင် ပါဝင်ကစားမည်ဖြစ် သည်။

No comments:

Post a Comment

back to top