အနုပညာအလုပ်တွေ စလုပ်ကတည်းကအချစ်ထက် အလုပ် အဆင်ပြေဖို့ ခုချိန်မှာ ပိုအရေးကြီးတယ်လို့ဆိုတဲ့ ယွန်းရွှေရည်
အနုပညာလောကမှာ ဇာတ်ပို့ဇာတ်ရံနေရာကနေ ပရိသတ် ပရိသတ်အတွက် ကြိုးစားရုန်းကန် ဖန်တီးတင်ဆက်ပြသလာတဲ့ ယွန်းရွှေရည်ဟာ ခုဆိုရင် ခေါင်းဆောင် မင်းသမီးနေရာကနေ ပထမဦးဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေတောင် ထွက်ရှိလို့လာခဲ့ပါပြီ။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ‘ဒီကိစ္စနဲ့ ပတ်သက်ပြီး မနောက်ပါနဲ့’ ဇာတ်ကားဟာ ဆိုရင်ဖြင့် အခွေငှားဆိုင်တွေမှာ အငှားရဆုံး နဲ့ ပရိသတ် လက်ခံအားပေးတဲ့ ဇာတ်ကားတစ်ကားအဖြစ် အသိအမှတ်ပြုခံရတာမို့ သူမနဲ့ တွှေ့ဆုံခိုက် သိချင် တာလေးတွေ မေးကြည့်တဲ့အခါ “ ခုရိုက်နေတဲ့ ကားလေးက ဝေးဖို့ခဏမေ့လို့ရတယ်တဲ့။ ဒီကားလေး ထဲမှာ သမီးက ကိုအောင်ရဲလင်းရဲ့သူငယ်ချင်း၊ သူ့ကို တစ်ဖက်သတ် လိုက်ကြိုက်နေတာပေါ့။ သူကတော့ ကိုယ့်ကို မကြိုက်ဘူး။ အဲ့ဒီလိုပုံစံမျိုးလေးပေါ့။ ခေါင်းဆောင်ကတော့ ညီမတစ်ကားပဲ ရိုက်ရပါသေးတယ်။ ထပ်ပြီး ကမ်းလှမ်းဦးမယ်ဆိုရင်တော့ ညီမဖက်က ကြိုးစားဖို့အဆင်သင့်ပါပဲ။ ခုကတော့ ဒုတိယနေရာကနေ အများဆုံး ရိုက်ဖြစ်တယ်။ ခုနောက်ပိုင်းတော့ ကိုယ့်တွက်နေရာရပြီး လုပ်ကွက်ရမဲ့ ကားလေးတွေကို ဦးစားပေးရိုက်ဖြစ်မယ်ပေါ့။ အနုပညာနဲ့ပတ်သက်ပြီး ကြီးကျယ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပရိသတ်ပိုပြီး သတိထားမိမဲ့ ကားလေးတွေကို ဦးစားပေးရိုက်ချင်လို့ပါ”လို့ သူမက ပြောပါတယ်။
ခေါင်းဆောင်နဲ့ ဒုတိယနေရာ နှစ်ခုရဲ့ ကွာခြားချက်အနေနဲ့ သူမရဲ့အနုပညာကြေးကတော့ အများကြီး အပြောင်းအလဲမရှိဘူးလို့ ဆိုတဲ့ သူမက “ကိုယ်ခေါင်းဆောင်ရိုက်တဲ့ ကားမှာ လူကများတော့ နဲနဲလေးပဲ ညှိပြီး ယူပေးဖြစ်ပါတယ်။ အနုပညာကို ၀ါသနာပါလို့ သရုပ်ဆောင်ဖြစ်ချင်လို့ ဒီလောကထဲကို ၀င်ခဲ့တာဆိုတော့ ညီမ ဒီအလုပ်တစ်ခုပဲရှိတယ်။ အသက်မွေးဝမ်းကြောင်းရော၊ ၀ါသနာအရရော ဒီအလုပ်တစ်ခုပဲ လုပ်မှာဖြစ်တဲ့တွက် နေရာရွေးတာမျိုးတော့ မရှိဘူး။ အဲ့ဒါကြောင့်လဲ ညီမခုချိန်မှ ခေါင်းဆောင်စရိုက်ရတာပေါ့။ ဒါပေမဲ့ ညီမအတွက်လဲ လုပ်ကွက်ရမယ်။ ပရိသတ်တွက်လဲ ထူးခြားမယ်။ နေရာလဲ ကောင်းမယ်ဆိုရင်တော့ ရိုက်ဖြစ်မှာပါ”တဲ့။
အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ “ကိုယ့်ဘ၀တက်လမ်းအတွက် ခုချိန်မှာ ကြိုးစားနေဆဲဆိုတော့ အဲ့ဒီဖက်ကို အာရုံမလှည့်နိုင်ပါဘူး။ ညီမကိုယ်တိုင်က ဒီအလုပ်စလုပ်ကတည်းက ကိုယ်က တစ်ယောက်တည်း လုပ်ရတာဆိုတော့ အစအဆုံး ကိုယ်ပဲ စီစဉ်ရတာဆိုတော့ အချိန်ကလဲမရှိဘူး။ ပြီးတော့ အလုပ်က ပိုပြီးအရေးကြီးတော့ အလုပ်အဆင်ပြေဖို့ကပဲ ညီမအတွက် ပိုအရေးကြီးပါတယ်”လို့ သူမက ပြောပြခဲ့ပါတယ်။

No comments:
Post a Comment