Wednesday, August 20, 2014



အစ္စရေး-ဟားမာ့စ် အပစ်အခတ် ရပ်စဲ ရေးကို ၂၄ နာရီ ထပ်မံ တိုးမြှင့် နိုင်မှုမှ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှု ရရှိ နိုင်မည်ဟု မျှော်မှန်းရ

အစ္စရေးနှင့် ပါလက်စတိုင်း တို့ကြားတွင် သြဂုတ် ၁၃ ရက်က သဘောတူညီခဲ့သော ငါးရက်ကြာ အပစ်အခတ် ရပ်စဲရေးကာလ ကုန်ဆုံးပြီး နောက်တွင် ၂၄ နာရီကြာ ထပ်မံ၍ အပစ်အခတ်ရပ်စဲရန် နှစ်ဖွဲ့စလုံးမှ သဘောတူညီခဲ့ကြကြောင်းသြဂုတ် ၁၈ ရက်တွင် အစ္စရေး အရာရှိတစ်ဦးက ဆင်ဟွာ သတင်းဌာနသို့ အတည်ပြု ပြော ကြားခဲ့သည်။
၎င်းနှစ်ဖွဲ့ကြားတွင် ၂၄ နာရီကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ထပ်မံရရှိခဲ့ခြင်းသည် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှု များကို တရားဝင် အဆုံးသတ်စေနိုင်သည့် အမြဲတမ်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုသို့ ရောက်ရှိစေနိုင် မည်ဟု မျှော်လင့်ရကြောင်း၊ ယခုထပ်မံတိုးမြှင့် လိုက် သည့် ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် ဂရင်းနစ်စံတော်ချိန် သြဂုတ် ၁၉ ရက် ည ၉ နာရီတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ကြောင်း ၎င်းအရာရှိက ထပ်လောင်း ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ၏ အကြမ်းဖျင်း ဖော်ပြချက်အရ ထပ်မံတိုးမြှင့်ခဲ့သည့် ၂၄ နာရီကြာ အပစ်အခတ်ရပ်စဲရေးကာလ ကုန်ဆုံးပြီးနောက်တွင် အစ္စရေးနှင့် ပါလက်စတိုင်း နှစ်ဖွဲ့ စလုံးအနေဖြင့် ကန့်သတ်ချက်များပါသော ကနဦးသဘောတူညီမှု စာချုပ်တစ်ခုကို ထုတ်ပြန်သွားမည်ဖြစ်သည်။ ၎င်းကနဦး သဘောတူညီမှု စာချုပ်တွင် ဂါဇာကမ်း မြောင်ဒေသသို့ အစ္စရေးတို့၏ ပိတ်ဆို့မှုများကို လျှော့ချပေးရန်၊  ငါးဖမ်းဇုန်ကို ကမ်းရိုးတန်းအလွန် ရေမိုင် ၁၂ မိုင်အထိ တိုးချဲ့ပေးရန်နှင့် နယ်စပ် လမ်းဆုံများကို ကြီး ကြပ်ရန်အတွက် ဂါဇာကမ်းမြောင်အတွင်းသို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့များအား ဝင်ရောက်ခွင့်ပေးရန် ကဲ့သို့သော အချက်များအပြင် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များကိုလည်း ဝင်ရောက်ခွင့်ပြုရန်ဟူသော အချက်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် အဆိုပါ ကနဦးသဘောတူညီမှု စာချုပ်တွင် အကျဉ်းသား ၅၆ ဦးကို လွှတ်ပေးရေးနှင့် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေး တို့ကို တောင်းဆိုထား သည့် ဟားမာ့စ်အဖွဲ့၏ တောင်းဆိုမှုများနှင့် ဂါဇာကမ်းမြောင်ဒေသကို စစ်မဲ့ဇုန် သတ်မှတ်ရေးဟူသော  အစ္စရေးတို့၏ တောင်းဆိုမှုများ ကဲ့သို့သော အကြောင်းအရာ များ ပါဝင်သွားမည် မဟုတ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top