Tuesday, August 5, 2014

တောင်ပြုံးပွဲတော် ကာလအတွင်း အထူးရထားများ တိုးချဲ့ ပြေးဆွဲ မည်

တောင်ပြုံးပွဲတော် ကာလအတွင်း မန္တလေး-မတ္တရာလမ်းပိုင်း၌ ပွဲတော်သွားလာသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် အထူး ရထားများတိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း မန္တလေးဘူတာကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရ သည်။ အဆိုပါ ကာလအတွင်း ယခင်က မန္တလေး-မတ္တရာ လမ်းပိုင်းတွင် ရထား အဆန်သုံးစင်း၊ အစုန်သုံးစင်း ပုံမှန်ပြေးဆွဲ လျက် ရှိရာမှ ယခုတွင် အဆန်၊ အစုန် ရှစ်စင်းအထိ တိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ကြောင်း၊ ထို့အပြင် သရဲဈေးဘူတာမှ တောင်ပြုံး ဘူတာ အထိကိုလည်း အခေါက် ရေ တိုးချဲ့ပြေးဆွဲပေးမည် ဖြစ်ကြောင်း၊ ယခင်နှစ်များအတွင်းက ပွဲတော်ကာလအတွင်း သွားလာရေး အခက်အခဲများ ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်၍ ပွဲတော်ကာလ၌ တိုးချဲ့ ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း မန္တလေး-မတ္တရာလမ်းပိုင်း၌  မန္တလေးဘူတာကြီးမှ မတ္တရာဘူတာအထိ  ခရီးစဉ်ကို  နံနက်  ၅  နာရီ ၁၅ မိနစ် တွင် လည်းကောင်း၊ သရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ ခရီးစဉ်ကို  နံနက် ၆ နာရီ၊ ၈ နာရီ ၁၅ မိနစ်၊ ၉ နာရီ ၅၇ မိနစ်၊ ၁၁ နာရီ ၅၁ မိနစ်နှင့် ညနေ ၃ နာရီ ၁၅ မိနစ်တို့တွင် လည်းကောင်း၊ တောင်ပြုံးဘူတာမှ မတ္တရာဘူတာအထိ  ခရီးစဉ်ကို  နံနက် ၁၁ နာရီ ၂၅ မိနစ်နှင့် ညနေ ၃ နာရီ ၁၅ မိနစ်တို့တွင် လည်းကောင်း အဆန်ရထားများ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။    

No comments:

Post a Comment

back to top