Friday, August 8, 2014

ဂါဇာတွင် တာရှည်ခံအပစ်အခတ် ရပ်စဲရေးဖြစ်ပေါ်ရန် အိုဘားမား တိုက်တွန်း

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြား တာရှည်ခံတည်ငြိမ်မှုသည် မကြာမီ အနာဂတ်တွင် ဖြစ်ပေါ်လာဦးမည်မဟုတ်ဘဲ ငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးအလို့ငှာ မျိုးဆက်ပေါင်း များစွာ ကြာမြင့်နေသည့် အငြင်းပွားမှု၏ နှစ်ဖက်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးဆိုင်ရာ စွန့်စားရနိုင်ခြေများကို တွက်ချက်သွားကြရန် သမ္မတအိုဘားမားက ထုတ်ဖော်ပြောကြားလိုက်သည်။

ယနေ့တွင် အသုံးသတ်မည့် ယာယီအပစ်အခတ်ရပ်စဲရေးကာလ မချိုးဖောက်စေရေးကို ပထမဆုံး လုပ်ဆောင်သွားရမည်ဟု အိုဘားမားက ဆက်လက်ပြောကြားသည်။ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားသည့် ဟားမားစ်စစ်သွေးကြွအုပ်စုနှင့် အစ္စရေးတပ်ဖွဲ့တို့ကြား တာရှည်ခံငြိမ်းချမ်းရေး မည်သို့ ရရှိအောင် ဆောင်ရွက်သွားမည်ဆိုသည်နှင့် ပတ်သက်၍ ကိုင်ရိုမြို့တော်တွင်ရောက်ရှိနေသာ သမ္မတအိုဘားမားက အာဖရိကနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကာလအတွင်း သတင်းထောက်များ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဂါဇာဒေသမှ ပစ်ခတ်လာသည့် ဒုံးကျည်များကို ကာကွယ်ခြင်းနှင့် အစ္စရေးနိုင်ငံအတွင်းသို့ ၀င်ရောက်ရန် ဟားမားစ်တပ်ဖွဲ့များ တူးဖော်ထားသည့် မြေအောက်ဥမင်လိုဏ်ခေါင်းများ၏ရန်မှ အစ္စရေးအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့်ရှိကြောင်း အိုဘားမားက ပြောသည်။ တစ်ချိန်တည်းတွင် ဂါဇာကမ်းဒေသမှ ပါလက်စတိုင်းပြည်သူမျာအနေဖြင့် ၎င်းတို့၏ ရပ်ရွာအသိုင်းအ၀ိုင်းများကို ပြန်လည်ထူထောင်ခြင်း၊ ချမ်းသာကြွယ်ဝမှုကို ရှာမှီးခြင်းအတွက် ယုံကြည်မှု ရရှိမည်ဖြစ်ပြီး ကျန်ကမ္ဘာ့နိုင်ငံများထံမှ ၎င်းတို့ကို တံတိုင်းခတ်ထားသည်ဟု သဘောမထားသင့်ကြောင်း အိုဘားမားက ဆိုသည်။
အစ္စရေးနှင့် အမေရိကန်နိုင်ငံနှစ်နိုင်ငံလုံးက အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် ဟားမားစ် တပ်ဖွဲ့ များအတွက် ကိုယ်ချင်းစာစိတ်လုံးဝမရှိဟု အိုဘားမားက နှစ်ကြိမ်တိုင်တိုင် ထုတ်ဖော်ပြောကြား ခဲ့သည်။ ဇူလိုင် ၈ ရက်က စတင်သည့် အစ္စရေးနှင့်ဟားမားစ်တပ်ဖွဲ့များအကြား တိုက်ခိုက်မှု များ ဖြစ်ပေါ်ပြီးနောက် ပါလက်စတိုင်းလူမျိုး ၁၉၀၀ နီးပါး သေဆုံးခဲ့ရပြီးဖြစ်သည်။ အစ္စရေးတို့ဘက်မှ အစ္စရေးစစ်သား ၆၄ ဦးနှင့် အရပ်သားသုံးဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။
အနောက်ဘက်ကမ်းရှိ ရာမာလာမြို့တွင် အခြေစိုက်ပြီး ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်ဦးဆောင် သည့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့အပေါ် ကိုယ်ချင်းစာစိတ်ရှိပါကြောင်း ၎င်းက ပြောကြားသည်။

No comments:

Post a Comment

back to top