နေ့ချင်းပြီး စနစ်ဖြင့် ပို့ကုန် သွင်းကုန် လုပ်ငန်း လိုင်စင်များ လုပ်ဆောင်ပေးရာတွင် ဝန်ဆောင်ခ ဈေးနှုန်းများ လျှော့ချပေး
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းလိုင်စင်များ မြန်ဆန်စွာ ရရှိစေရေး ဆောင်ရွက် ပေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင်များကို နေ့ချင်းပြီး စနစ်ဖြင့် ဆောင်ရွက်ပေးသည့် နည်းတူ ကုန်ကျစရိတ်များ ကိုလည်း လျှော့ချ ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ သတင်း အချက်အလက်များ အရ သိရသည်။
ပို့ကုန်လိုင်စင် ဆောင်ရွက်ရာတွင် ယခင်ကာလများက စာရွက်စာတမ်း ရှစ်မျိုးဖြင့် လုပ်ဆောင်ရာမှ ယခု နှစ်မျိုးစီအထိ လည်းကောင်း၊ ပို့ကုန်လိုင်စင် လျှောက်ထားရာတွင်လည်း ယခင်က အဆင့်ခြောက်ဆင့် လိုအပ်ရာမှ ယခု လေးဆင့်သို့ လည်းကောင်း ယခင်က ကုန်ကျစရိတ် အွန်လိုင်းဝင်ကြေးအဖြစ် ငွေကျပ် ၄ဝဝဝ ပေးသွင်းရသည့် စနစ်မှ ယခုအခါ ငွေကျပ် ၂၅ဝဝ သာ ပေးသွင်းရတော့မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သွင်းကုန်လိုင်စင် အတွက် ယခင်က စာရွက်စာတမ်း ၁ဝ မျိုး လိုအပ်ရာမှ ယခုအခါ နှစ်မျိုးသို့ လည်းကောင်း၊ ယခင်က အဆင့်ခြောက်ဆင့် လိုအပ်ရာမှ ယခု လေးဆင့်သို့လည်းကောင်း အွန်လိုင်းဝင်ကြေး ငွေကျပ် ၄ဝဝဝ နှင့် ငွေသွင်းပုံစံကြေး ငွေကျပ် ၃ဝဝ သတ်မှတ်ခဲ့ရာမှ ယခုအခါ အွန်လိုင်းဝင်ကြေး ငွေကျပ်၂၅ဝဝ သာ ပေးသွင်းရပြီး တစ်ရက်တည်းဖြင့် လိုင်စင် ရရှိအောင် လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ မြန်ဆန်ရန် ပို့ကုန်ပစ္စည်း ၁၅၂ မျိုးနှင့် HS Code လိုင်းပေါင်း ၉၈၃ လိုင်း၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုးနှင့် HS Code လိုင်းပေါင်း ၂ဝ၇၉ လိုင်းကို လိုင်စင်လျှောက်စရာ မလိုဘဲ ပို့ကုန်၊ သွင်းကုန် အနေဖြင့် ဆောင်ရွက်ရန် ခွင့်ပြု ပေးထားကြောင်း သိရသည်။
No comments:
Post a Comment