ဥရောပ စူပါဖလားပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရော်နယ်ဒို ရရှိ
ဗုဒ္ဓဟူးနေ့က ကာဒစ်ဖ်မြို့မှာ ကစားတဲ့ ယူအီးအက်ဖ်အေ ဥရောပစူပါဖလားပွဲမှာ ရီရဲလ်မက်ဒရစ်က ဆီဗီလာကို (၂)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒီပွဲရဲ့အကောင်းဆုံး ကစားသမားဆုကိုတော့ ရီရဲလ်တောင်ပံကစားသမား ခရစ္စတီယာနိုရော်နယ်ဒို ရသွားပါတယ်။ ပွဲအပြီးမှာ အကောင်းဆုံး ကစားသမားဆုကို မန်ယူနည်းပြဟောင်း ဆာအဲလက်စဖာဂူဆန်က ပေးအပ်ချီးမြှင့်ခဲ့ပြီး ရော်နယ်ဒိုကိုလည်း ချီးကျူးသွားပါတယ်။’’ဗိုလ်လုပွဲ ဒါမှမဟုတ် အခုလို ပွဲမျိုးမှာ အကောင်းဆုံး ကစားသမားကို ရွေးချယ်ဖို့က ပုံမှန်အားဖြင့် ခက်ခဲလေ့ ရှိပါတယ်။ ကွင်းထဲမှာ အကောင်းဆုံး ကစားသမားတွေကလည်း အများကြီးပါပဲ။
ဒါပေမယ့် ဒီညမှာတော့ ရော်နယ်ဒိုကြောင့် အကောင်းဆုံး ကစားသမားကို ရွေးချယ်ဖို့ သိပ်အခက်မတွေ့လိုက်ပါဘူး’’လို့ ဆိုပါတယ်။ ဆက်လက်ပြီး ရိုနယ်ဒိုကလည်း သူ အသက်(၁၈) အရွယ်တုန်းက မန်ယူကို စရောက်ချိန် နည်းပြဖာဂူဆန်ရဲ့ သွန်သင်မှုတွေ ကို ပြန်ပြောင်း အမှတ်ရပြီး ဖာဂူဆန်ကို ကျေးဇူးတင်စကား ဆိုသွားပါတယ်။ ဒါ့အပြင် ဆီဗီလာအသင်းရဲ့ အားစိုက်ကစားမှုကိုလည်း အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။’’ဆီဗီလာအသင်း ကစားတာ တကယ်ကောင်းပါတယ်။ သူတို့တွေဟာ နှစ်လိုဖွယ် ကစားသမားတွေပါပဲ။ နောက် ကျွန်တော်ပြောချင်တာက ဒီဆုကို ပေးအပ်ချီးမြှင့်တဲ့အတွက် ဆာအဲလက်စ်ကို ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်အတွက် အရမ်းအဓိပ္ပါယ် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်ရဲ့ နည်းပြပါ။ အသက်(၁၈)နှစ်လောက် အရွယ်တုန်းက မန်ယူမှာ ကျွန်တော့်ကို အများကြီး သူသင်ပေးခဲ့ပါတယ်။ ဒါကြောင့် အခု သူပေးတဲ့ ဒီဆုကို အရမ်းတန်ဖိုးထားပါတယ်’’လို့ ရော်နယ်ဒိုက ပြောပါတယ်။

No comments:
Post a Comment