Thursday, August 7, 2014

နာမည်ကြီး ရေကူးသမားတွေဖြစ်တဲ့ မိုက်ကယ်ဖဲလ်နဲ့ လော့ခ်ျတီတို့ ယူအက်စ်ပြိုင်ပွဲ ၀င်ပြိုင်မည် 







အိုလံပစ်ချန်ပီယံ မိုက်ကယ်ဖဲလ်နဲ့ ၂၀၁၁ အကောင်းဆုံးဆုရှင် ရိုင်ယန်လော့ခ်ျတီတို့ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားမှာ ကျင်းပမယ့် ယူအက်စ်အမျိုးသား ချန်ပီယံရှစ် ရေကူးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။၂၀၁၂လန်ဒန် အိုလံပစ်ပြိုင်ပွဲ နောက်ပိုင်း ကစားသမားဘ၀က အနားယူခဲ့တဲ့ မိုက်ကယ်ဖဲလ်ဟာ ၂၀၁၄ဧပြီလမှာတော့ ပြိုင်ပွဲတွေ ပြန်လည် ယှဉ်ပြိုင်ခဲ့ပြီး အခုပြိုင်ပွဲမှာ မီတာ(၁၀၀)အလွတ်ကူး၊ မီတာ(၁၀၀)လိပ်ပြာကူး ၊မီတာ(၁၀၀) နောက်ပြန်ကူးနဲ့ မီတာ(၂၀၀) မျိုးစုံကူးပြိုင်ပွဲတွေကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ သြဂုတ်(၆)ရက်ကနေ (၁၀)ရက်ထိ ကျင်းပမယ့် ဒီပြိုင်ပွဲအတွက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အသက်(၂၉)နှစ် ရှိပြီဖြစ်တဲ့ မိုက်ကယ်ဖဲလ်က ”ရေကူးလောကကို ပြန်ဝင်ရမှာ ပျော်စရာပါပဲ။ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲ ပြန်ဝင်ပြိုင်ရတာက ပိုပြီးစိတ်လှုပ်ရှားစရာပါ။ အောင်မြင်မှုတွေ ထပ်ယူချင်သေးလို့ အခုလို ပြိုင်ပွဲဝင်ဖို့ ရောက်လာတာပါ”လို့ ပြောကြားခဲ့ပါတယ်။မိုက်ကယ်ဖဲလ် ပြိုင်ပွဲဝင်မယ့်အပေါ် အိုလံပစ် ချန်ပီယံ (၅)ကြိမ်ရထားတဲ့ လော့ခ်ျတီကလည်း ကြိုဆိုခဲ့ပြီး အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။ အမျိုးသမီး ပြိုင်ပွဲမှာလည်း လန်ဒန်အိုလံပစ်ပြိုင်ပွဲ မီတာ(၈၀၀) အလွတ်ကူးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး အသက်(၁၇)နှစ်သာ ရှိသေးတဲ့ ကေတီလီဒက်ကီနဲ့အတူ ရွှေတံဆိပ် ဆုရှင်တွေဖြစ်တဲ့ မစ်စီဖရန့်ကလင်း၊ အယ်လီဆန်ရှမစ်တို့ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

No comments:

Post a Comment

back to top